ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး (ကော်သူးလေ) ၏ ၂၇ မြို့နယ်မှ ခေါင်းဆောင်များ အစည်းအဝေးကို ဗဟိုဌာနချုပ်နယ်မြေတွင် နိုဝင်ဘာ ၁၁ မှ ၁၅ ရက်နေ့ထိ ကျင်းပပြီး လုပ်ငန်းစဉ် ၅ ရပ်ပါ “မဲ့ဝါးကလိုး” ကြေညာ စာတမ်းကို ထုတ်ပြန်လိုက်သည်။
ကော်သူးလေ ၂၇ မြို့နယ် ခေါင်းဆောင်များ ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၇ မှ ၁၁ ရက်နေ့ ထိ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံပြုလုပ်ပြီး အချက် (၅) ချက်ပါ ကြေညာ စာတမ်းကို ထပ်လောင်း ကတိပြုကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးပြီး မဲ့ဝါးကလိုး ကြေငြာစာတမ်း ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ကေအဲန်ယူ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး၊ အုပ်ချုပ်ရေးနှင့် အုပ်ချုပ်မှုစွမ်းရည် မြှင့်တင်ရေးကော်မတီ ဥက္ကဌပဒိုစောလှထွန်းက နိုဝင်ဘာ ၁၅ ရက်နေ့ အစည်းအဝေးနောက်ဆုံးနေ့တွင် ကေအိုင်စီသို့ ယခုလိုပြောသည်။
“ဒီအစည်းအဝေးမှာတော့ ပြီးခဲ့တဲ့ မဲ့ဝါးကလိုး ကြေညာစာတမ်းကို ပြန်ကြည့်ပြီးတော့ ထပ်မံဆောင်ရွက်ရမဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်။ ကတိကဝတ်တွေ ထပ်ပြုခဲ့ကြတယ်။ မျှော်မှန်းထားတဲ့ ကော်သူးလေတည်ဆောက်ခြင်းနှင့် ပြည်သူတွေရဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ပေးစွမ်းသွားနိုင်ဖို့ ကတိပြုမှုတွေ ရရှိခဲ့တယ်။ ရှေ့ဆက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြမယ်ဆိုတဲ့ သဘောထားရရှိချက်အပေါ် ရလဒ်ကောင်းတွေလည်း ရရှိမယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ကေအိုင်စီ ပြောသည်။
ကြေညာစာတွင် တာဝန်ရှိသူများအနေဖြင့် ကေအဲန်ယူ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူများကို မီးရှူး တန်ဆောင် အဖြစ် လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း အပါအဝင် အုပ်ချုပ်ရေးစံနှုန်း မြှင့်တင်ခြင်း၊ တာဝန်ယူ၊ တာဝန် ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် အားလုံးပါဝင်သော စီမံခန့်ခွဲရေးလုပ်ငန်းစဥ်များဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို လေးစားလိုက်နာရန်ဖြစ်ကြောင်း ကတိပြုဖော်ပြထားသည်။
အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ကေအဲန်ယူ ဗဟိုတာဝန်ရှိသူများ ပူးပေါင်း၍ ပြုလုပ်သည့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ခရိုင် (၇) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကေအဲန်ယူ (ဗဟို) ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။
ပိုင်ကျုံမြို့နယ် ကိုယ်စားပြု တက်ရောက်သူ နော်ဆဲနေသားဝါးက “ခေါင်းဆောင်တွေကြားထဲမှာ ကျမလို အမျိုးသမီး တယောက်အနေနဲ့ သူတို့နဲ့အတူ ရပ်တည်ပြောဆိုခဲ့ရတယ်။ သူတို့တွေအနေနဲ့ ကျမကို အမျိုးသမီးဆိုပြီး အရေးမပေးတာမျိုး မလုပ်ဘူး။ သူတို့ ဖိတ်တယ် တူတူလုပ်ဆောင်ရတယ်။ နောက်ပိုင်း အစည်းအဝေးတွေကျရင်လည်း ကရင်လူငယ် အမျိုးသမီးတွေလည်း ပူးပေါင်းပါဝင်လာစေချင်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြည်သူ့အသံကိုနားထောင်ပေးရုံသာမက ပြည်သူလူထု၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ မတူကွဲပြားမှုကိုအသိပြု၊ အမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်၍ ကော်သူးလေတည်ထောင်ရန် ကတိပြုထားသလို ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့အတွက် ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မိမိတို့ပြည်သူများ ပူးပေါင်းကြိုးပမ်းသွားမည်ဖြစ်သည်ဟုလည်း ကြေညာစာတမ်း၌ ဖော်ပြထားသည်။
ထို့အပြင် မိမိတို့နယ်မြေအတွင်းရှိ သဘာဝအရင်းအမြစ်များကို နောက်မျိုးဆက်များအတွက် ကာကွယ်စောင့်ရှောက်၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း စဥ်ဆက်မပြတ်ပြောင်းလဲနေမှုနှင့်အညီ လေ့လာသင်ယူ၍ လိုက်လျောညီထွေရှိရေးနှင့် တိုးတက်ရေး လုပ်ဆောင်သွားမည်ဟု ကြေညာစာတွင် ထည့်သွင်းကတိပြုထားသည်။
ယခုလို ပူးပေါင်းကတိပြုနိုင်ခဲ့ရုံသာမက နှီးနှောဖလှယ်ပွဲနှင့်နောက်ဆက်တွဲပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကြောင့် လက်တွေ့ကျသည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကို ပုံဖော်နိုင်ခဲ့သလို အလွတ်သဘောဆွေးနွေးမှုနှင့် အတွေ့အကြုံဖလှယ်မှုများသည် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော ကော်သူးလေအုပ်ချုပ်ရေး တည်ဆောက်သွားရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နှီးနှောဖလှယ်ပွဲတွင် ရောက်လာသည့်မြိုနယ်ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအကြား ရေရှည်တည်တံ့သည့် ပူးပေါင်းမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့အတွက် အရေးကြီးခြေ လှမ်းတစ်ရပ်ဖြစ်သလို ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြင့် စည်းလုံးစွာ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု KNU က ပြောသည်။
ဒုတိယအကြိမ် ပြုလုပ်သည့် ၅ ရက်ကြာ အစည်းအဝေးတွင် အုပ်ချုပ်ရေးနှင့်ပြည်သူ့စီမခန့်ခွဲရေး နှီးနှောဖလှယ်ပွဲ (၂) ရက်နှင့် (၃) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကေအိုင်စီ