27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၈၀၀၀၀ ကျော်အထိတိုးလာ

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၈၀၀၀၀ ကျော်အထိတိုးလာ

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်မေလအတွင်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများအပြင် စစ်ကောင်စီတပ်က ရေကြောင်းနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀,၀၀၀ ကျော်အထိရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်က ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကြောင်းထိုးဝင်ရောက်သည့်အပြင် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားများကိုဖမ်းဆီးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀,၈၀၀ ကျော်အထိ တိုးလာခဲ့သည်ဟု ဒေသတွင်းသုတေသနအဖွဲ့ FE 5 Thanintharyi က ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ အရပ်သားပြည်သူ အနည်းဆုံး ၄၁၈၀၀ ကျော်ရှိခဲ့သည်ဟု FE 5 Thanintharyi က ဆိုသည်။

မြိတ်ခရိုင်အတွင်းရှိ ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့တွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်များအပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၇၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၂၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရသည်ဟု FE 5 Thanintharyi က ဖော်ပြထားသည်။

တဖက်တွင်လည်း ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်တို့ကို ကန့်သတ်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များသည် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝမ်းရောဂါနှင့် အရေပြားရောဂါတို့ အဖြစ်များနေပြီး ဆေးဝါးမလုံလောက်မှုကိုပါ ကြုံတွေ့နေရသည့်အပြင် ရက်ရှည် စစ်ဘေးရှောင်ရသဖြင့် မိုးရွာချိန်တွင် အမိုးအကာ မလုံလောက်မှုကြောင့် ပိုမိုဒုက္ခရောက်နေကြကြောင်း FE 5 Thanintharyi ၏ အစီရင်ခံစာ၌ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တနင်္သာရီတိုင်းတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၅,၃၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။