27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကော်သူးလေအစိုးရကို တော်လှန်ရေးအင်အားစုများဖြင့် ညွန့်ပေါင်းဖွဲ့စည်းမည်

ကော်သူးလေအစိုးရကို တော်လှန်ရေးအင်အားစုများဖြင့် ညွန့်ပေါင်းဖွဲ့စည်းမည်

ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖွဲ့စည်းမည့် ကော်သူးလေအစိုးရတွင် တော်လှန်ရေးအင်အားစုအားလုံး ပါဝင်မည်ဖြစ်ပြီး ညွန့်ပေါင်းအစိုးရပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟု KNU က ပြောဆိုသည်။

အနာဂတ်တွင်ဖွဲ့စည်းမည့် ကော်သူးလေအစိုးရသည် ကရင်လူမျိုးကိုသာ ကိုယ်စားပြုမည်မဟုတ်ဘဲ၊ တော်လှန်ရေး အင်အားစုအားလုံးပါဝင်သည့် “KNU Plus” ညွန့်ပေါင်းအစိုးရပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ပဒိုစောတောနီးက “KNU ကတော့ ဦးဆောင်တဲ့နေရာမှာ ရှိဦးမယ်ဆိုပေမယ့်လို့ တခြားလူတွေလည်းပါမယ်။ ဆိုလိုတာကတော့ ကရင်မဟုတ်တဲ့ တခြားလူမျိုးတွေလည်း ကျနော်တို့ဒီအဖွဲ့ထဲမှာ ဒီကော်သူးလေထဲမှာ ပေါင်းဝင်လာမယ်” ဟု ပြောသည်။

ထိုသို့ပြောဆိုမှုကို ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် ကော်သူးလေနေ့တွင် ကော်သူးလေ ဖက်ဒရယ်ယူနစ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် ပဒိုစောတောနီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“KNU Plus” မဟာဗျူဟာတွင် KNU က ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သော်လည်း ကရင်မဟုတ်သည့် အခြားသော တိုင်းရင်းသားများ၊ လူငယ်များ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကိုပါ ထည့်သွင်းသွားမည်ဟု KNU က ဆိုသည်။

ဖွဲ့စည်းမည့် အုပ်ချုပ်ရေးယန္တရားတွင်လည်း အားလုံးပါဝင်သည့် ဥပဒေပြုကောင်စီ (Kawthoolei Consultative Council – KCC) နှင့် အလုပ်အမှုဆောင်ကော်မတီ (Kawthoolei Executive Committee – KEC) တို့ ပါဝင်မည်ဖြစ်ပြီး KEC က အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို တာဝန်ယူမည်ဟု ပဒိုစောတောနီးက ဆက်ပြောသည်။

“ဒါဟာ တကယ့်ကို အောက်ခြေက စုစည်းလာပြီးတော့ ကျနော်တို့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ဒါ အလကား ကျနော်တို့ ထိုးခွဲပြီးတော့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်တဲ့နည်းတွေ မဟုတ်ဘူး။ အားလုံးပါဝင်နိုင်တဲ့ (inclusiveness) နေရာကနေ ကျနော်တို့ ဖော်ဆောင်သွားမှာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ကော်သူးလေအစိုးရကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဖွဲ့စည်းရန် ရည်မှန်းထားသော်လည်း ခိုင်မာသော မူဝါဒများနှင့် လူသားအရင်းအမြစ်များ ပြင်ဆင်ရန် အချိန်ယူလုပ်ဆောင်ရမည့် စိန်ခေါ်ချက်များရှိနေဆဲဟု KNU က ဆိုသည်။

သို့သော် ကရင်အမျိုးသားအစည်းအရုံး KNU ၏ “KNU Plus” မဟာဗျူဟာသည် နွေဦးတော်လှန်ရေး၏ ညီညွတ်မှုကိုအခြေခံသည့် အုပ်ချုပ်ရေးယန္တရားတရပ် တည်ဆောက်ရန်အတွက် ရည်ရွယ်ထားသည်ဟု ဆိုသည်။

KNU ၏ လက်ရှိနိုင်ငံရေးချဉ်းကပ်မှုသည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့ကြသော ရှေ့ပြေးပုံစံတခုဖြစ်လာနိုင်ပြီး လူမျိုးရေးထက် နိုင်ငံရေးရည်မှန်းချက်တူသူများ စုပေါင်းအုပ်ချုပ်သည့်စနစ်ကို ဖော်ဆောင်လိုသည့်သဘောထားကို ထင်ဟပ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

NMG ပေးပို့သည်။