KNU -ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ ထိုင်း – မြန်မာနယ်နိမိတ်၊ တနင်္သာရီတိုင်း၊ ထီးခီး နယ်စပ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ငါးရံ့နီ (ညပလာခီး) တပ်စခန်းအတွင်းမှ တပ်ဖွဲ့ဝင်တချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြကြောင်း တပ်မဟာ (၄) KNU သတင်းအရင်းအမြစ်က ပြောသည်။
ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က ဆက်တိုက်သိမ်းယူမှုကြောင့် ငါးရံ့နီတပ်စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ချန်ထားပြီး ကျန်တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ဆိုသည်။
တပ်မဟာ (၄) KNU တာဝန်ရှိသူက “တော်လှန်ရေးတပ်ဖွဲ့ အင်အားကြီးလာမှာကြောက်လို့ ပြေးတာထင်တယ်။ ငါးရံ့နီစခန်းက၊ ထိုင်းဘက်ထွက်ပြေးတာ စခန်းမှာ ၇ ယောက်ပဲ ကျန်တယ်” ဟု ပြောသည်။
ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းတွင်း လက်ရှိအခြေအနေနှင့် ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်ဦးရေကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
KNU တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက တိုက်ပွဲဖြစ်ပွားပါက ငါးရံ့နီ စခန်းအား စစ်ကောင်စီဘက်မှ စစ်ကူမပေးနိုင်သလို ခုခံနိုင်စွမ်းလည်းမရှိခြင်းကြောင့် KNLA က မတိုက်ခင် ယခုလို စခန်းစွန့်ခွာခြင်းဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးဟုလည်း ဇွန်လ ၁၂ ရက်နေ့က ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၅ တပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသည့် ဗောဓိ (အီးသာခေ) စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်တကြောတွင် ဗောဓိစခန်းနှင့်အနီးဆုံး ငါးရံ့နီစခန်းတစ်ခုသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
ပွိုင့် ၂၅၆၆ (ခေါ်) ဗောဓိစခန်းကို KNLA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်အတူ စခန်းမှစွန့်ခွာခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ တပ်ဖွဲ့ဝင် ၃၀ နီးပါး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
ထီးခီးနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာကုန်းစခန်း၊ ထီးခီးစခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ယခုငါးရံ့နီစခန်းအား သိမ်းပြီးပါက ထိုင်း-မြန်မာ ထီးခီးနယ်စပ်တကြောတွင် စစ်ကောင်စီတပ်စခန်းအားလုံး ကင်းစင်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း လုပ်ကိုင်နိုင်မှုအပြင် စစ်ဘေးရှောင်များ လုံခြုံစွာနေရပ်ပြန် နိုင်ရေးအတွက်ပါ KNU အနေဖြင့် စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
KIC ပေးပို့သည်။