27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းနောင်ချိုကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က အဘက်ဘက်မှ ထိုးစစ်ဆင်နေ

နောင်ချိုကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က အဘက်ဘက်မှ ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် အဘက်ဘက်မှ ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကံကြီးကျေးရွာအထိ စစ်ကောင်စီတပ်သားများ နေရာယူလာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကောင်စီက နောင်ချိုကို ပြန်သိမ်းမယ့်အနေအထားပဲ၊ အခုကျမတို့ ကြိုရှောင်နေရတယ်။ ကားတွေ မရှိတဲ့သူက သူများနဲ့ကားကြုံလိုက်နေရတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။

စစ်ကောင်စီတပ်သားများ ရောက်ရှိနေသည့် ကံကြီးကျေးရွာသည် နောင်ချိုမြို့နှင့် (၉) မိုင်ခန့်သာ ကွာဝေးသည်။

လက်ရှိ၌ နောင်ချိုမြို့နယ် ဒေသခံပြည်သူများသည် ကျောက်မဲမြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးနေကြသော်လည်း ကျောက်မဲမြို့နယ်သည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် ဒေသဖြစ်သည့်အတွက် စစ်ကောင်စီတပ် ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

“စစ်ကောင်စီက နောင်ချိုဘက်တက်တော့ ကျမတို့ ကျောက်မဲဘက်ကိုဦးတည်ရတယ်။ ကျောက်မဲကလည်း TNLA ထိန်းချုပ်တော့ ကျမတို့အတွက် မလုံခြုံဘူး။ နောင်ချိုပြီးရင်တော့ ကျောက်မဲဘက်လာမှာပဲဆိုတော့ ကျမတို့ ဘယ်ဆက်ပြေးရမှန်း မသိဘဲ တွေးပူနေတယ်” ဟု ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိအနေအထားအရ စစ်ကောင်စီတပ်သည် ပြင်ဉီးလွင်မြို့ဘက်မှတဆင့် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာဘက်သို့ လည်းကောင်း၊ ရပ်စောက်မြို့မှတဆင့် တောင်းခမ်းကျေးရွာဘက်သို့လည်းကောင်း စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများအတွက် စစ်ဘေးရှောင်ရန် ထွက်ပေါက်မရှိ ဖြစ်နေကြောင်းလည်း စစ်ဘေးရှောင်အမျိုးသားတစ်ဉီးက ပြောသည်။

“အခုက ပြေးစရာထွက်ပေါက်မရှိ ဖြစ်နေကြတာ။ ရေရှည်တော့ ဘယ်လိုထပ်လာမယ် မသိဘူး” ဟု နောင်ချိုစစ်ဘေးရှောင်အမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် မေ ၂၈ ရက်တွင် စစ်ကောင်စီတပ်သားများသည် နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာနှင့် ရှောက်ခြုံကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူအချို့ကို ပစ်သတ်ခဲ့ပြီး၊ အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့သည်မှာ ယနေ့အချိန်ထိ ပြန်မလွတ်ပေးသေးကြောင်း ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရွာထဲမှာ မရှောင်တဲ့သူတွေကို ဖမ်းခေါ်သွားတာ၊ သူတို့က ရွာတွေကို ဝင်ရောက်စီးနင်းပြီး အဲ့လိုဖမ်းခေါ်နေကြပဲ။ ပြည်သူတွေက ကြိုရှောင်ထားမှ၊ မရှောင်ထားရင် သူတို့က သတ်လည်းသတ်တယ်။ လူသားဒိုင်းပုံစံနဲ့ ဖမ်းသွားတာ။ သူတို့က ထိုးစစ်တွေက လေယာဉ်ရော မြေပြင်အင်အားရော အကုန်လာတာ။ အင်အားမမျှတတော့ နောက်ဆုတ်ပေးလိုက်ရတာမျိုးရှိတယ်” ဟု ရှေ့တန်း စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ယခုနှစ် ဧပြီလကုန်ပိုင်းတွင် TNLA နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်များဆုတ်ခွာရန် စစ်ကောင်စီတပ်က တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲမအောင်မြင်ခဲ့ပေ။

ထို့ပြင် စစ်ကောင်စီ၏ စစ်ရေးဖိအားပေးမှု၊ တရုတ်အစိုးရ၏ ဖိအားကြား TNLA အနေဖြင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့ သိမ်းပိုက်ထားသည့်နယ်မြေကို လက်လွှတ်မည်မဟုတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်းလည်း ဇွန် ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ဘက်မှ ပြောဆိုခဲ့သည်။

ဆက်လက်ပြီး TNLA ထိန်းချုပ်ဒေသအတွင်း တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို လူထုကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် စီစဉ်နေချိန် စစ်ကောင်စီမှ နောင်ချိုမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အပြင်းအထန် တိုက်ခိုက်လာသည်။

ဇွန်လ ၉ ရက်နေ့နှင့် ဇွန်လ ၈ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ပိန္နဲကုန်းကျေးရွာ၊ ကံကြီးကျေးရွာ၊ ရှောက်ခြုံကျေးရွာနှင့် ပန်ကုန်းကျေးရွာတို့တွင် စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

ဇွန်လ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။