မကွေးတိုင်း၊ စလင်းမြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်ချရာနေရာများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်တွင် လုံခြုံရေး တင်းကြပ်ထားကြောင်း စလင်းမြို့နယ် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မေ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံ၊ ရုံးပေါင်းစုံနှင့် လင်းဇင်းရဲစခန်းတို့ကို တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် စလင်းမြို့နယ် လင်းဇင်းနယ်မြေရဲစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ရဲစခန်းအတွင်း အဆောက်အဦများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်ခံရပြီး လုံခြုံရေးတင်းကြပ်သည့်အပေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်းမြို့နယ် တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဘက်က အင်အားထပ်တိုးထားပြီး မြို့ပေါ်ကင်းပတ်စစ်ဆေးနေတယ်။ စစ်ရှောင်နေရတဲ့ရွာတွေလည်း များပါတယ်” ဟု ပြောသည်။
စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အဦနှင့် ရုံးပေါင်းစုံက စစ်ကောင်စီ အထိုင်ချနေရာများကို တိုက်ခိုက်ချိန်တွင် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ ခလရ ၂၅၃၊ ၂၅၄ တပ်များ၏ အင်အားများ စလင်းမြို့ပေါ်တွင် ထပ်မံဖြည့်တင်းထားပြီး မြို့ကိုကင်းပတ်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီက စလင်းမြို့နယ်တွင် ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိလာပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။