တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များမှာ ခြင်ထောင် အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ကုလားဘာ၊ ကြက္တိန်၊ ထောင့်ချောင်း၊ စည်မော် စသည့်ကျေးရွာများမှ အရေးပေါ် စစ်ဘေးရှောင်လာကြရသည့် စစ်ဘေးရှောင်ဦးရေ ရာနှင့်ချီနေပြီး လာမည့်မိုးရာသီအတွက် ခြင်ထောင်များ အရေးတကြီးလိုအပ်နေခြင်းဖြစ်သည်။
“ခြင်ထောင်မပါတဲ့သူတွေက အခုအရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ညနေဘက်ဆိုရင် ရွာဓလေ့အတိုင်း မီးခိုးမွှန်ထားပြီး နေနေကြရတယ်။ ထင်းတွေကောက်ပြီး အိမ်အောက်တွေမှာ မီးဖိုပြီးနေကြတယ်။ ခြင်မကိုက်ဖို့အတွက် မီးခိုးမွှန်ပြီး အိပ်နေကြရတဲ့အခြေအနေပါ” ဟု ကျောက်ဖြူ စစ်ဘေးရှောင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ခံ ကိုအောင်အောင်က ပြောသည်။
စစ်ဘေးရှောင်များမှာ တောတောင်၊ လယ်ကွင်းပြင်စသည့် ခြင်ပေါက်ဖွားနှုန်းမြင့်သည့်နေရာများတွင် နေထိုင်နေကြရသောကြောင့် ခြင်မှတဆင့် ကူးစက်နိုင်သည့် ငှက်ဖျား၊ သွေးလွန်တုတ်ကွေး စသည့် ကျန်းမာရေးပြဿနာများအတွက် စိုးရိမ်စရာဖြစ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောဆိုသည်။
မိုးရာသီရောက်လာသည့်အပြင် ခြင်ထောင်မရှိဘဲ ဖြစ်သလို အိပ်စက်နေကြရခြင်း၊ ဆေးဝါးရှားပါးခြင်းတို့ကြောင့်လည်း ကူးစက်ရောဂါနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်များ ပိုမိုစိုးရိမ်နေကြကြောင်း သိရသည်။
“လောလောဆယ် အရေးပေါ် ပထမဦးစားပေးအနေနဲ့ အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အို၊ မွေးကင်းစကနေ အသက် ၅ အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေကိုပေးဖို့အတွက် ခြင်ထောင်အလုံးရေ ၆၀၀ လောက် အရေးပေါ် လိုအပ်နေပါတယ်” ဟု ကိုအောင်အောင်က ဆက်ပြောသည်။
စစ်ဘေးရှောင်များမှာ ခြင်ထောင်မလုံလောက်မှု၊ အမိုးအကာ မလုံခြုံမှုအပြင် အလုပ်အကိုင်ရှားပါးမှု၊ အကူအညီရရှိမှု နည်းပါးခြင်းတို့ကြောင့် မိုးတွင်းကာလကို ဖြတ်သန်းရန် အဖက်ဖက်တွင် ခက်ခဲနေကြကြောင်း သိရသည်။
လက်ရှိ၌ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေမှုနှင့်အတူ စစ်ဘေးရှောင်ဦးရေမှာလည်း လေးသောင်းကျော်အထိ ရှိလာနေကြောင်း သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။