27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ ဆနွန်းကုန်းကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ ဆနွန်းကုန်းကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တို့က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဒေသခံတို့ထံက သိရသည်။

မေလ ၁၄ ရက်နေ့ကစပြီး အင်အား ၅၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းက KIA နှင့် KPDF တပ်တို့ နယ်မြေစိုးမိုးထားသည့် ဆနွန်းကုန်း၊ အင်းသာဘက်ကို လေကြောင်း၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု နန့်မွန်းမြို့ခံများက ပြောသည်။

နန့်မွန်းမြို့ခံအမျိူးသားတစ်ဦးက “မနေ့ကတော့ ဆနွင်းကုန်းဘက်ကို လေယာဥ်နဲ့ လာကြဲသွားတယ်။ စက်သေနတ်တွေနဲ့ရော လာပစ်သွားတယ်။ လက်နက်ကြီးသံတွေကတော့ တအုန်းအုန်းပဲ ကြားရတယ်။ ဆနွန်းကုန်း၊ အင်းသာဘက်ကို ဝင်ချင်တာ ခုခံနေလို့ပေါ့” ဟု ပြောသည်။

စစ်ကြောင်းထို့ချီတက်လာသည့် စစ်ကောင်စီတပ်သည် မေလ ၁၅ ရက်နေ့ ညနေပိုင်းက ဆနွင်းကုန်းကျေးရွာ တလျှောက်ကို ဂျက်ဖိုက်တာတစ်စီးနှင့် ဗုံးကြဲသွားပြီး နန့်မွန်းမြို့ကနေလည်း လက်နက်ကြီးများနှင့်ပါ ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်ရှိ၌ ဆနွန်းကုန်းနှင့် အင်းသာတကြော စစ်ရေးတင်းမာနေသည့်အတွက် နန့်မွန် – ဟဲပု – လုံစန့် ကားလမ်းပိုင်းကိုလည်း မေလ ၁၄ ရက်နေ့တွင် သွားလာခွင့်ပိတ်လိုက်ကြောင်း သိရသည်။

အင်းတော်ကြီးဒေသခံနောက်တစ်ဦးက “အင်းအရှေ့ဘက်လမ်းကတော့ ပိတ်ထားတယ် သွားလို့မရဘူး။ နန့်မွန်း – ဟဲပုလမ်းပေါ့လေ။ အင်းတော်ကြီး ဝှေခါလမ်းတော့ သွားလို့ရတယ်။ လမ်းတွေက တခြားဆီပဲ” ဟု ပြောသည်။

ယင်းအပြင် အခုလို စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသည့်အတွက် အင်းတော်အရှေ့ဘမ်းခြမ်း ဟဲပု၊ ဟဲပါး၊ ဆနွင်းကုန်း၊ အင်းသာ စသည့် ကျေးရွာနေပြည်သူများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

လက်ရှိတွင် အင်းတော်ကြီးဒေထဲ၌ စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ နောက်ပိုင်းကစ၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည်မှာ အင်းတော်ကြီးဒေသတစ်ခုတည်းမဟုတ်ဘဲ ဖားကန့်မြို့ထဲသို့ ဝင်လို့ရသည့် လမ်းကြောင်း ၃ နေရာကနေ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။

ကားမိုင်းလမ်း၊ အင်းတော်ကြီးဒေသ နှင့် ဆယ်ဇင်း – တာမခံလမ်းမကြီး ၃ နေရာကနေ စစ်အင်အားတစ်ထောင် ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်တို့က စစ်မျက်နှာ ၃ ခုနှင့် ဖားကန့်ဒေသထဲကို စစ်ကြောင်းထိုးရန် ကြိုးစားနေသည့်အတွက် ဖားကန့်ဝင်ပေါက်လမ်းမကြီး ၃ နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၂၀ ခန့် ကြာမြင့်လာပြီဖြစ်သည်။

KNG ပေးပို့သည်။