28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းKNLA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ၃ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့

KNLA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ၃ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၃)၊ တပ်မဟာ(၄)၊ တပ်မဟာ (၇) ရှိ စစ်ကောင်စီစခန်း ၃ ခု လုံးကို မေလ ၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာတပ်မဟာအသီးသီးက အတည်ပြုပြောသည်။

KNU တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၈ အခြေစိုက်စခန်း၊ တပ်မဟာ (၄)၊ ဘိတ် – ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၂၅ နှင့် ခလရ – ၂၆၇ တို့တပ်စွဲထားသည့် ထီးခီးစခန်း၊ တပ်မဟာ (၇) ဖားအံခရိုင်ရှိ တခေါ်ဘိခီးစခန်းတို့ကို KNLA ပူးပေါင်းတပ်က မေလ ၉ ရက်နေ့ မနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီ တပ်စခန်း ၃ ခုလုံးကို ရရှိပြီးဖြစ်သော်လည်း KNLA ပူးပေါင်းတပ်က ရမိသည့် လက်နက်ခဲယမ်းစာရင်းနှင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာ တပ်မဟာတို့မှ တာဝန်ရှိသူတို့က ပြောဆိုသည်။

KNU ညောင်လေးပင်ခရိုင် တွဲဖက်အတွင်းရေးမှူးက “၅၉၈ စခန်းကို ကျနော်တို့ တက်သိမ်းလိုက်နိုင်သွားပြီ။ မနေ့ကညဘက်ထိ သူတို့လေယာဉ်နဲ့ ဗုံးလာပစ်ချတာ ၅၃ လုံးလောက်ရှိတယ်။ အခုမနက်တော့ ကျနော်တို့ စခန်းတက်ရှင်းနေပြီ။ ထိခိုက်မိတာနဲ့ လက်နက်ပစ္စည်းစာရင်း အတိအကျမရသေးဘူးနော်” ဟု ပြောသည်။

တဆက်တည်းမှာပင် KNLA ပူးပေါင်းတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံနေရသည့် ထိုင်း – မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကိုလည်း သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်ဟု ခိုင်လုံသည့် KNLA သတင်းရင်းမြစ်က အတည်ပြုပြောသည်။

“ဒီနေ့ (မေလ ၉ ရက်) မနက် ၉ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ ထီးခီးစခန်းကို ရပါတယ်။ အခြားအသေးစိတ်တော့ ပြောလို့မရသေးပါဘူး” ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ စခန်းအား KNLA က ၃ ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ထားခြင်းဖြစ်ပြီး ထိုးစစ်အသွင်အရှိန်မြင့် တိုက်ခိုက်မှုကြောင့် စခန်းတွင်းအခြေစိုက်သည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်၌ ထက်ဝက်နီးပါးမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရှောင်တိမ်းကြပြီးဖြစ်သည်။

စခန်းရရှိပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းနှင့်ထိခိုက်မှုဖြစ်စဥ်အပေါ် ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာသို့ ကေအိုင်စီအနေဖြင့် ချိတ်ဆက်မေးမြန်းလျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် တပ်မဟာ (၇) ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၄၊ တပ်ခွဲ-၁ အခြေစိုက်သည့် တခေါ်ဘိခီးစခန်းကိုလည်း ယနေ့မနက်ပိုင်းတွင် KNLA ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ရှင်းလင်းနိုင်ပြီဟု တပ်မဟာ (၇) KNLA တာဝန်ရှိသူထံမှ သိရသည်။

ဖော်ပြပါစခန်းများကို KNLA က တိုက်ခိုက်နေစဥ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ ဒေသခံများမှာ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် နီးစပ်ရာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယခုနှစ်အတွင်း KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်စခန်းများ KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်ခံနေရပြီး မကြာသေးသည့် ဧပြီလ ၁၉ ရက်နေ့ကလည်း တပ်မဟာ (၄) ရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းနှင့် တပ်မဟာ (၇) နဘူးမြို့နယ်ရှိ လေးဂေါ် (မော်ဂလာ) စခန်းတို့အား ပူးပေါင်းတပ်က တစ်ရက်အတွင်း သိမ်းပိုက်ရရှိခဲ့သည်။

KIC ပေးပို့သည်။