တနင်္သာရီတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဗုံးကြဲလို့ PDF ရဲဘော်နှစ်ဦး ဒဏ်ရာရ

By MPM 6 ဧပြီ, 2025 👁 4

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင်ပကဖက ပြောဆိုသည်။

စစ်ကောင်စီတပ်က ဧပြီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာလေယာဉ်တစ်စီးနှင့် ချောင်းနောက်ပြန်ကျေးရွာကို ဗုံးကြဲချခဲ့ပြီးနောက် စက်သေနတ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတာဝန်ရှိသူက ပြောပါသည်။

အလားတူ ဧပြီ ၅ ရက်နေ့မနက်ပိုင်းတွင်လည်း ချောင်းနောက်ပြန်နှင့် သိန်းခွန်ရွာဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ်ပတ်ပျံ၍ ဗုံးကြဲချပြီး ပစ်ခတ်မှုပါ ပြုလုပ်ခဲ့ရာ၌ ရဲဘော်များ ထိခိုက်ခြင်းမရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ဧပြီ ၂ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ သုံးပတ်အကြာ အပစ်ခတ်ရပ်စဲကြောင်း စစ်ကောင်စီဘက်က ကြေညာထားပေမယ့် မြေပြင်တွင် ဗုံးကြဲတိုက်ခိုက်မှုတို့ကို စစ်ကောင်စီဘက်က ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်။

သံလွင်တိုင်းမ် ပေးပို့သည်။