စစ်အာဏာရှင်စနစ်ဖြုတ်ချရေး YPDF နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်း

By MPM 1 ဧပြီ, 2025 👁

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က စစ်ကောင်စီနှင့် အာဏာရှင်စနစ် လုံးဝအမြစ်ပြတ်သည့်အထိ တော်လှန်တိုက်ပွဲဝင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC နှင့် ပူးပေါင်းလိုက်ပြီဟု နှစ်ဖက်အဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် ပူးတွဲကြေညာလိုက်သည်။

နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက ဗိုလ်ရန်နိုင်ဦးဆောင်ဖွဲ့စည်းခဲ့သည့် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

ယခုလိုပူးပေါင်းဆောင်ရွက်မှုက မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် YPDF က အဖွဲ့ဝင်အဖွဲ့အစည်းတရပ်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ် လုံးဝ အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ကာကွယ်ရေးဌာနအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် – MSRF ပြောခွင့်ရ နိုင်နဂါးက မြေပြင်တွင်လည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးဖြစ်တာကြောင့် နိုင်ငံရေးပိုင်းတွင်လည်း အတူတကွ ဆက်လက်လုပ်ဆောင်နိုင်ရန် ယခုလို ပေါင်းစည်းခြင်းဖြစ်ကြောင်း ပြောဆိုသည်။

နိုင်နဂါး “အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တူတဲ့အပေါ်မှာ YPDF က အခုလို MSFC နဲ့ အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်လာကြတာဖြစ်တယ်” ဟု ပြောသည်။

ဆက်လက်ပြီး နိုင်နဂါးက “ MSFC DoD ကာကွယ်ရေးဌာနအောက်မှာရှိတဲ့ MSRF မွန်ပြည်တော်လှန်ရေးတပ်နဲ့ အတူတကွလက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြပြီး ဖြစ်တယ်။ ဒါကြောင့် ရှေ့ဆက်ပြီး နိုင်ငံရေးပိုင်းမှာလည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ အခုလို ကျွန်တော်တို့ ပေါင်းစည်းရခြင်းဖြစ်တယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချရေး အပါအဝင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တန်းတူရေးကို အာမခံသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးကိုရည်စူးပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နှစ်ဖက်အဖွဲ့တာဝန်ရှိ ကိုယ်စားလှယ်များက မတ် ၂၃ ရက်နေ့တွင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တွင် အဖွဲ့ဝင်တစ်ဖွဲ့အနေနှင့်သာ ပါဝင်ခြင်းဖြစ်ပြီး တခြား နိုင်ငံရေး၊ စစ်ရေးအဖွဲ့တို့လို MSFC ၏ ဦးဆောင်မှုအောက်ကို ဝင်လာခြင်းမဟုတ်ကြောင်း နိုင်နဂါးက ရှင်းပြပြောဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC သည် ပြည်တွင်း/ပြည်ပရှိ မွန်လူမျိုးများအခြေခံသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ လူမှုအဖွဲ့အစည်း စသည့် ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်တရပ်ဖြစ်သည်။

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနှင့် ရပ်တည်ခဲ့သည့်အဖွဲ့ဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်နှင့် မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထဲ YPDF နှင့် MSFC တို့ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းကြပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း မွန်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်း၍ ရာမညပူးတွဲစစ်ကြောင်းကိုဖွဲ့စည်းခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတို့ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

သံလွင်တိုင်းမ် ပေးပို့သည်။