ပလက်၀မြို့နယ် ဆမီးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်နေ

By MPM 19 ဒီဇင်ဘာ, 2023 👁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ဆမီးမြို့ဗျူဟာကုန်းကို ပြီးခဲ့သည့်ဒီဇင်ဘာ ၁၄ ရက်နေ့ ကတည်းက ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝဒေသခံတစ်ဦးက “ဒီနေ့ဆိုတိုက်ပွဲက သုံးရက်မြောက်နေ့ဖြစ်ပါပြီ။ တပ်တော်ဘက်က ပလက်ဝမြို့နယ် အထဲက ကျန်နေသေးတဲ့ ဗျူဟာကုန်းတွေကို ဆက်တိုက်ခိုက်နေတာပါ” ဟု ပြောသည်။

ပလက်ဝမြိုနယ်တွင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပလက်ဝမြို့သို့ အဝင်အထွက်လမ်းများကိုလည်း စစ်ကောင်စီမှ ပိတ်ဆို့ထားကြောင်းလည်း ထိုပလက်ဝဒေသခံက ဆက်ပြောသည်။

“ရွာသားတွေကတော့ နေရာအသီးသီးမှာ တိမ်းရှောင်နေကြပါပြီ။ စစ်ရှောင်တွေလည်း စားဝတ်နေရေး အရမ်းခက်ခဲ နေကြရပါတယ်။ တိုက်ပွဲတွေကလည်း နေ့တိုင်းလိုလို ဖြစ်နေတော့” ဟု ၎င်း ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) သည် ဒီဇင်ဘာ ၄ ရက်တွင် တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် နှုံးဘူးဗျူဟာကုန်းတို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိ အရေးကြီးသည့် စစ်စခန်းတစ်ခုဖြစ်သော မြိတ်ဝစခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ကောင်စီ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်းအား ဒီဇင်ဘာ ၁၄ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့သည့်နောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ကူ အမြောက်အမြားဖြင့် အပြင်းအထန်ခုခံခဲ့သောကြောင့် ဆမီးဒေသခံများ အားလုံးနီးပါးသည် တိမ်းရှောင်ထွက်ပြေးလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက် မှ ဒီဇင်ဘာ ၁၀ ရက် အထိ ၄၅ ရက်တာအတွင်း ပလက်ဝမြို့နယ်ရှိ တရွင်အိုင်၊ နှုံးဘူး အပါအဝင် အနည်းဆုံး စစ်ကောင်စီ စခန်း ၁၇ ခုကို သိမ်းပိုက် ထားသည်ဟု သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။