စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် မော်လူးမြို့ရှိ ရဲစခန်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရှိရသည်။
မော်လူးမြို့ပေါ်ရှိ စစ်ကောင်စီရဲစခန်းကို ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) မနက်ပိုင်း ၂ နာရီဝန်းကျင်မှာ တော်လှန်ရေးအင်အားစုများက စတင်တိုက်ခိုက်ခဲ့တာလို့ နန့်စီးအောင်ဒေသခံတစ်ဦးဆီကနေ တဆင့်သိရှိရသည်။
“ မော်လူးမှာ တစ်မနက်လုံးပဲ ဖြစ်နေတာ။ ညသန်းခေါင်ကျော် ၂ နာရီ ကနေပြီးတော့ စဖြစ်လိုက်တာ မနက်ပိုင်း ၆ နာရီလောက်မှာမှ ရပ်သွားတာ။ အမြှောက်ကုန်းကလည်း မိုးညှင်းအထွက်ဘက် နန့်စီးအောင် ပေကုန်းမှာရှိတာ ကျွန်တော်တိုနဲ့က နီးနီးလေးမောင်၊ အသံကလည်း အရမ်းမြည်တာ အကျယ်ကြီးပဲ” လို့ အဆိုပါ သတင်းအရင်းအမြစ်က ပြောဆိုခဲ့သည်။
အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ရဲ နှင့် စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့လည်း ၎င်းထပ်မံပြောဆိုသည်။
“မော်လူးမှာ ဒီမနက်ပိုင်း (ဒီဇင်ဘာလ ၁၃ ရက်) က ဖြစ်တဲ့ဟာက ရဲရော စစ်သားရော ၆ ယောက် သေတယ်လို့ပြောတယ်။ စခန်းကိုလည်း သိမ်းလိုက်ပြီ။ အရှင်တွေလည်း ဖမ်းမိတယ်တဲ့” ဟု ၎င်းက ပြောသည်။
ABSDF ရဲ့ လူမှုကွန်ရက်စာမျက်နှာကလည်း မော်လူးမြို့သိမ်းတိုက်ပွဲသည် ၄ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ABSDF အမှတ်(၁) စစ်ကြောင်း၊ KIA၊ PDF၊ ပကဖ နှင့် ပလဖ များပါ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ရေးသားထားသည်။
ထိုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်လာခြင်း မရှိသေးပါ။အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စုကို မြို့အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းကြောင်း ပြည်ထဲရေးဝန်ကြီးဌနက ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။