ကျိုက်မရော စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလိုအပ်နေ

0
251

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီ လိုအပ်နေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။

စစ်ဘေးရှောင် ထက်ဝက်ကျော်သည် အမျိုးသမီးနှင့် ကလေးများဖြစ်ပြီး နာတာရှည်ရောဂါ ခံစားနေရသူ၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီ လိုအပ်နေသည်ဟု ဆိုသည်။

စစ်ဘေးရှောင်နေရသည့် တစ်လနီးပါးကာလတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အတွက် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် ကင်ဆာရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိအဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“ဒီဇင်ဘာ ၅ ရက်နေ့မှာဆို မယ်တရိုက အသက် ၅၀ အရွယ် ကင်ဆာရောဂါသည်တစ်ယောက် ကျွန်တော်တို့ သွားကြည့်တော့ ဆုံးသွားပြီ။ အဲ့လိုပေါ့လေ ရွာကနေထွက်လာတယ်။ ဟိုပြောင်းဒီပြောင်းနဲ့ နောက်ဆုံးတော့ အိမ်မှာ ခေါင်းမချလိုက်ရဘူး။ ဟိုနေ့လည်း အဲ့လိုပဲ အဘွားတစ်ယောက် စစ်ဘေးရှောင်နေရင်း ကော့ပနော ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ဆုံးသွားတယ်။ အဲတာကြောင့် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေကနေ အကူအညီ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲကြောင့် ဒေသတွင်း သွားလာကန့်သတ်မှုများ ရှိနေခြင်းကြောင့် စစ်ဘေးရှောင် ကူညီထောက်ပံ့သူများ အပြင် အရေးပေါ်လူနာတင်ယာဉ်များလည်း ဝင်ရောက်ရန် မလွယ်ကူသည့် အနေအထားရှိနေသည်ဟုလည်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး ဒေသတွင်းက ကျေးရွာ ၂၀ ရွာထက်မနည်းမှ ဒေသခံပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ဘေးရှောင်ပြည်သူများ၏ အခြေခံကျန်းမာရေး လိုအပ်ချက်များကို မွန်ပြည်သစ်ပါတီ ကျန်းမာရေးအဖွဲ့က ကူညီဆောင်ရွက် ပေးနေသော်လည်း နာတာရှည်ရောဂါ၊ ရောဂါပြင်းထန်သူနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်လျက်ရှိသည်ဟု ပျားတောင်ဒေသ စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်က ကျွန်တော့်အမျို့သမီးကို အရမ်းစိတ်ပူတယ်။ သူ့မှာ ကိုယ်ဝန်နဲ့ဆိုတော့လေ ဒီတိုက်ပွဲကလည်း မြို့သိမ်းတိုက်ပွဲလား၊ ဘာလားမသိတော့ မြို့ပေါ်မှာထားရင်လည်း ပိတ်မိနေမှာစိုးလို့ သွားလာလို့လွယ်ကူတဲ့ ကော့မိတ်ရွာဘက်မှာ ပြောင်းနေနေရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာအခက်အခဲ မရှိသေးသော်လည်း ရက်ရှည်ကြာလာ သည်နှင့် စားနပ်ရိက္ခာလည်း ခက်ခဲလာနိုင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများလည်း ပြင်ဆင် ထားသင့်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ဆိုသည်။

ကျိုက်မရောမြို့နယ် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် နေရာ ၈ ခု အပါအဝင်၊ ကမာဝက်မြို့ ဘုန်းကြီးကျောင်း နှင့် နီးစပ်ရာ မြို့ရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ နှစ်သောင်းထက်မနည်း ရှိနေသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here