ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ကို ဖွဲ့စည်း

0
314

ကရင်နီ (ကယား) ပြည်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအမှုနှင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူများက စုပေါင်းပြီး ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး Karenni Political Prisoner Association (KPPA) ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

KPPA ကို ဖွဲ့စည်းပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်းများကို တော်လှန်ရေးအင်အားစုများ အသီးသီးထံသို့ စေလွှတ်ပြီး ပူးပေါင်း၍ ပေးအပ်လာသည့် အဓိကတာဝန်များကို လုပ်ဆောင်သွားမယ်လို့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောပါသည်။

“အားလုံးက နိုင်ငံရေးအကျဉ်းသားတွေပဲ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေပဲနော်။ ပြီး‌တော့ ဒုတိယ ညီလာခံမှာပဲ ပိုပြီးတော့ အတည်ပြုဖို့ရှိတာပေါ့နော်။ ဒီကရင်နီ နိုင်ငံရေးအကျဉ်းသားအဖွဲ့ဆိုပြီးတော့ အဲ့တာကို အတည်ပြုပြီးတော့ ဒီအယောက် ၃၀ ကျော်တွေနဲ့ ဖွဲ့စည်းဖြစ်တာပေါ့နော်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အယောက် သုံးဆယ် ပါဝင်တဲ့ ညီလာခံတရပ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် ယူဆမိုဆို ကျေးရွာမှာ တွေ့ဆုံပြီး ပထမအကြိမ် ညီလာခံကို ကျင်းပခဲ့တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးမှ ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် ညီလာခံထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့အပြင် အကြံပေးကောင်စီနှင့် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ် လို့ သိရသည်။

“လုပ်ငန်းစဉ်တွေက ပညာရေးပိုင်းရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး ပြီးတော့ စစ်ဘေးရှောင်ကူညီဖို့၊ ပြီးတော့ လူမှုရေးအခန်းကဏ္ဍတွေလည်း အကုန်လုံး ဖွဲ့စည်းထားပါတယ်၊ အဓိက ကတော့ အဲ့တာပဲ သွားနေပါတယ်” လို့ အဆိုပါနိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသမီးတဦးက ပြောသည်။

KPPA ၏ ၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းစဉ်များအနေနှင့် လူထုစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား အကူအညီပေးရန်နှင့် တော်လှန်ရေးအင်အားစုများမှ ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ရန် စသည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး Karenni Political Prisoner Association ( KPPA ) အနေနှင့် အနာဂတ်မှာ နိုင်ငံရေးနဲ့ လူမှုရေး ကိစ္စတွေကို ဆောင်ရွက်သွားမှာ ဖြစ်သလို လွတ်လပ်ပြီး ဘက်မလိုက်သည့် အစည်းအရုံးတခုအဖြစ် ရပ်တည်သွားရမည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိသည်။

ကန္တာရဝတီတိုင်း(မ်)- မှပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here