ကော့သောင်းတွင် စစ်ကြောင်းရှေ့ပြေးအဖွဲ့ တိုက်ခိုက်ခံရ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

0
277

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ် ခြေလျင်ရှေ့ပြေးပွိုင့်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာအုပ်စု၊ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးတွင် မာရမ်းဒေသမှ နယ်မြေရှင်းလင်းပြီး ပြန်ထွက်လာသည့် ခမောက်ကြီးမြို့ အခြေစိုက် ခမရ – ၅၈၄ တပ်ရင်းမှ အင်အား ၂၀ ခန့်ပါ ခြေလျင်ရှေ့ပြေး (ပွိုင့်) အဖွဲ့ကို သတင်းအရစောင့်ကြို၍ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက “အခုဖြစ်တဲ့နေရာမှာ အရင်ကလည်း တိုက်ပွဲဖြစ် ဖူးထားတော့ ကားတွေထားပြီး ခြေလျင်တက်လာတဲ့ ပွိုင့်အဖွဲ့ကို အနီးကပ် အပိုင်ပစ်ခတ်လိုက်ရတာပါ။ လက်ရစ် ၁ ရစ်နဲ့ ဒုတပ်ကြပ်အလောင်းဘေးက လက်နက်ကိုလည်း ဝင်ကောက်လို့ နှစ်လက်တောင်ရခဲ့တယ်” ဟု ပြောသည်။

နယ်မြေရှင်းလင်းရေးအတွက် မြေတင်ကားကြီး ၁ စီး၊ အိမ်စီးကား ၂ စီးတို့ဖြင့် စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာ ဖော့သုတ်ကျေးရွာအလွန်၌ ကားများကို ရပ်ထားခဲ့ကာ ခြေလျင် ချီတက်လာသည့် ရှေ့ပြေးကင်းထောက်အဖွဲ့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

မိနစ် ၂၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒု-တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိ သွားသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပြီး MA 1 သေနတ်တစ်လက် သိမ်းဆည်း နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းနှစ်လောင်းကို တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဖော့သုတ်ကျေးရွာသင်္ချိုင်းမှာပင် စစ်ကောင်စီတပ်က မီးရှို့သင်္ဂြိုဟ်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့ရာ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးမှာပင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ဧပြီလအတွင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။

တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအရှေ့တွင် ခရီးသွားလာသူများကို နာရီနှင့်ချီ စစ်ဆေးခဲ့သည့်အပြင် ကျေးရွာရှိ စျေးဆိုင်ပိုင်ရှင်များကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ခေါ်ယူ၍ သင်္ချိုင်းဇရပ်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။

စျေးဆိုင်ပိုင်ရှင်အချို့မှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်မှုကို ခံရမည်ကို စိုးရိမ်ပြီး ခေါ်ယူစစ်ဆေးသည့် နေရာသို့ မသွားဘဲနေသူများလည်း ရှိသည်ဟု ဆိုကြသည်။

ထိုသို့ စစ်ဆေးခဲ့ပြီးနောက် လုံးဖောကျေးရွာ၊ အေးချမ်းသာရွာ၊ ဖော့သုတ်ကျေးရွာများတို့တွင် ကင်းပုန်းများ ထားရှိပြီး ဒရုန်းဖြင့် စောင့်ကြည့် ကင်းထောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို စုံစမ်းသိရှိရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် နိုင်ငံတဝန်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော အချိန်နှင့်တပြေးညီ ကော့သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်သွားတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here