တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇီးကျကျေးရွာအနီးတွင် အသစ်တည်ဆောက်နေသည့် ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အလုပ်သမား ၆ ဦးလည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောပါသည်။
ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်ထဲကို လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိလာပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် အလုပ်သမားများနေထိုင်သော ယာယီအဆောင်နှင့် ဘတ်ဟိုးတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အလုပ်သမားခေါင်းဆောင်အပါအဝင် ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံများ၏ ပြောပြချက်အရ လက်နက်ကိုင်အဖွဲ့များက အကျဉ်းထောင်သစ် တည်ဆောက်မှုကို ဆက်မလုပ်ရန် သတိပေးသွားသလို ကျန်ရှိသည့်အလုပ်သမားများကိုလည်း နေရပ်ပြန်ကြဖို့ ပြောဆိုသွားသည်ဟုလည်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းရာတွင် ထိုဖြစ်စဉ်ဖြစ်ပွားမှု မှန်ကန်ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန်ပေးမည်ဟု ပြန်လည်ပြောဆိုပါသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ထားဝယ်အကျဉ်းထောင်သစ် လုပ်ငန်းခွင်အနီး ထင်းလာခုတ်သည့် ထားဝယ်အကျဉ်းထောင်ဝန်ထမ်း ၂ ဦးနှင့် အကျဉ်းသား ၅ ဦးကို ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF အဖွဲ့က ဖမ်းဆီးပြီး ထောင်ဝန်ထမ်း ၂ ဦးကို ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထားဝယ်အကျဉ်းထောင်သစ်ကို စစ်ကောင်စီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ပုံငွေ ကျပ်သိန်းပေါင်း တစ်သိန်းကျော် အသုံးပြုတည်ဆောက်နေခြင်းဖြစ်သည်ဟု ဆိုပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်း၌ အရပ်သားပြည်သူ ၂၀၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုမှာ ထားဝယ်အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသည်ဟု ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။