ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ဦး လက်နက်ချ

By MPM 30 နိုဝင်ဘာ, 2023 👁

ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ဦး လက်နက်ချအညံ့ခံခဲ့ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ကိုင်တွယ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ရေဇွာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ဦးကို အရှင်ဖမ်းမိတယ်။ ဖမ်းမိသူတွေထဲမှာ ဘယ်လိုရာထူးတွေ ပါသလဲ မသိရသေးဘူး။ ကျနော်တို့မှာ စစ်သုံ့ပန်းဆိုင်ရာဥပဒေ ရှိပါတယ်။ အဲဒါနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ၏ ဦးဆောင်မှုဖြင့် ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟု ခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၉ ရက်တွင် ရေဇွာမြို့ကို အလုံစုံသိမ်းပိုက်နိုင်ခဲ့ပြီး CNF/CNA မှ ရဲဘော် (၁) ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁) ဦး၊ CDF-Lautu မှ (၁) ဦး စုစုပေါင်း (၄) ဦး ကျဆုံးခဲ့ပြီး၊
တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား ၄၀ ဦး မှာ လက်နက်ချခဲ့ပြီး ရေဇွာမြို့အထိုင်စခန်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရေဇွာမြို့ အသိမ်းမခံရရေးအတွက် နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခန့်မှ စတင်၍ လေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်တွင်လည်း လေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သည်ဟု ပူးပေါင်းတပ်များက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၂ ရက်အတွင်း ဗုံးကြဲချမှု ၂၀ ဝန်းကျင် ရှိမည်ဟု CDF-Zotung ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းဒယ်နီက ပြောဆိုသည်။

ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်မြို့နှင့် လိုင်လင်းပီမြို့ အပြီး တတိယမြောက် သိမ်းပိုက်ထိန်းချုပ်လိုက်သောမြို့လည်း ဖြစ်သည်။

KMG ပေးပို့သည်။