သရက်ချောင်းတွင် PDF လက်ခံပါက ရွာဖျက်ဆီးပစ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

By MPM 30 နိုဝင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို လက်ခံပါက ရွာကိုဖျက်ဆီးပစ်မည်ဟု စာရေးခြိမ်းခြောက်သွားကြောင်း ဒေသခံများက ပြောပါသည်။

အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခန့်က ပေါက်တိုင်း တံတားဘက်မှ ကင်းရှေ့ကျေးရွာထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည် ဒေသခံများက ပြောသည်။

ယင်းနောက် ထိုစစ်ကောင်စီစစ်ကြောင်းဟာ ကင်းရှေ့ကျေးရွာရှိ နေအိမ် ၂၀ နီးပါးကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းများအပါအဝင် ကလေးစုဘူးပါမကျန် ဖောက်ယူသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

နေအိမ်များကို ဝင်ဖောက်သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထွက်စဉ် “ PDF တွေကို လက်ခံရင် ရွာကို ဖျက်ပစ်မယ်” ဆိုသည့် ခြိမ်းခြောက်စာများကိုလည်း ရေးသားခဲ့သည်ကို တွေ့ရကြောင်း ရွာသားများက ပြောပြသည်။

ယင်းနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ရှင်မုတ္ထီးကျေးရွာထဲ ထပ်မံရှိရောက်ပြီးနောက် နေအိမ်များကို ဝင်ရောက် စစ်ဆေးချိန် ကြောက်လန့်တကြားထွက်ပြေးသွားသည့် အသက် ၅၀ အရွယ် ဒေါ်မြင့်ဆိုသူကို ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ကင်းရှေ့၊ ရှင်မုတ္ထီး၊ ရှမ်းမတွင်း၊ ရောင်းမော်နှင့် ပလွေရှောင်း ကျေးရွာများကို စစ်ကြောင်းပတ်ထိုးခဲ့သည့် စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပေါက်တိုင်းတံတားမှာ ပြန်လည်တပ်စွဲနေထိုင်နေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရပါသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံများဟာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တချို့ဒေသခံများမှာ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ် အစီး ၂၀ ကျော်နှင့် တဲ ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆန္ဒပြမှုဆက်လုပ်နေပါက ယခုထက်ပိုဆိုးမည်ဟု ခြိမ်းခြောက်စာရေးသားခဲ့ကြောင်း ရွာခံများထံမှ ကြားသိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။