ကရင်နီပြည်တစ်ခုလုံး စစ်ကောင်စီအုပ်ချုပ်ရေးရပ်ဆိုင်းပြီဟု IEC ပြော

By MPM 28 နိုဝင်ဘာ, 2023 👁

ကရင်နီ (ကယား) ပြည်မြို့တော် လွိုင်ကော်မြို့မှာသာမက တစ်ပြည်နယ်လုံးတွင် စစ်ကောင်စီ၏အုပ်ချုပ်မှု ယန္တရားလည်ပတ်မှု ရပ်ဆိုင်းသွားပြီဟု ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီနှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည်တွင်း နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်သည့် ၁၁၁၁ စစ်ဆင်ရေးမှာ နိုဝင်ဘာလ ၂၈ ရက် အထိ မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်သလို ယခုစစ်ဆင်ရေး မတိုင်ခင်က လည်ပတ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးလည်း ရပ်တန့်သွားပြီဟု IEC တာဝန်ရှိသူများက ပြောဆိုသည်။

မြို့တော်လွိုင်ကော်တွင် သာမကဘဲ ကရင်နီပြည် တပြည်နယ်လုံး အတိုင်းအတာနှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှု ရပ်ဆိုင်းသွားပြီဟု ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောသည်။

“သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားက တော်တော်လေးကြာပါပြီ၊ လွိုင်ကော်မြို့ကိုတိုက်မှတော့ မဟုတ်ဘူးလေ၊ ဘာကြောင့်လဲဆို ကျနော်တို့က ဧရိယာရဲ့ ၆၅ ရာခိုင်နှုန်းကျော်ကို ကျွန်တော်တို့ နကိုကတည်းကစိုးမိုးထားပြီး ဖြစ်တယ်။ စစ်ကောင်စီက အခုလက်ရှိ မြို့ထဲမှာရှိတဲ့ သူတို့တပ်ရင်းတွေထဲမှာပဲ ရှိတော့တာဖြစ်တယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းတွေက ဘာမှအကောင်ထည်ဖော်လို့ မရတော့ဘူး။ အဓိက က သူတို့ရဲ့အုပ်ချုပ်ရေး ယန္တရားတွေ လုံးဝမရှိတော့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အခုလိုမျိုး စစ်ဆင်ရေး လုပ်နေရတာ ဖြစ်တယ်ပေါ့” ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။

၁၁၁၁ စစ်ဆင်ရေးမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး လွိုင်ကော်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ အားလုံးနီးပါး ရပ်ဆိုင်းကုန်ပြီဟုလည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ဆက် ပြောသည်။

“လုံးဝကို ယန္ဒရားတွေမရှိတော့ဘူး။ စစ်တပ်ကနေပဲ စစ်မြေပြင် တပ်ကုန်းပုံစံမျိုးပဲ လွိုင်ကော်မြို့ကို စီမံနေတာ ဖြစ်ပါတယ်။ မြို့နယ်အဆင့်ဆင့် ရပ်ကွက်အဆင့်ကို သိရသလောက် သူတို့ကနေ ကတုတ်ကျင်းတွေ တူးတာတွေ နောက် ဘန်ကာတွေ တည်ဆောက်တာတွေ အဆောက်အအုံတွေမှာ အခိုင်အမာတပ်စွဲထားတယ်လို့ ကျနော်တို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်နယ်၏မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သည်လည်း စစ်ဇုန် ဖြစ်သွားပြီးနောက် ယခုကဲ့သို့ စစ်တပ်၏အုပ်ချုပ်မှု ယန္တရားကအစ ရပ်တန့်သွားခြင်း ဖြစ်သည်ဟု IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ယခုလိုပြောသည်။

“အခုလက်ရှိ လွိုင်ကော်မြို့ထဲမှာတော့ ဟုတ်တယ် စစ်ကောင်စီအုပ်ချုပ်မှု ယန္တရားကတော့ ရပ်တန့်နေပြီလို့ ပြောလို့ရတယ်ပေါ့နော်၊ အဓိကကတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ မြို့ကလည်း စစ်ဇုန်ဖြစ်သွားပြီ။ ဒါကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားကတော့ လွိုင်ကော်မြို့မှာမရှိတော့တဲ့ အနေထားမျိုးဖြစ်နေပြီပေါ့နော်” လို့ ခူးပလုရယ်က ပြောသည်။

မြို့တော်လွိုင်ကော်တွင် ရှိနေသည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းအများစုလည်း လက်ရှိတွင် စစ်ဘေးရှောင်များ ဖြစ်ကုန်ကြပြီး လွိုင်ကော်မြို့ရှိ ဌာနဆိုင်ရာရုံးများ အားလုံးတွင်လည်း မည်သူမျှပင် မရှိတော့ဘူးဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောပြသည်။

“ကျောင်းတွေတော့ ပိတ်ကုန်ပြီ။ ရုံးကတော့ မပိတ်လို့ မရဘူး ဘယ်သူမှ မသွားတော့ဘူး။ ဘယ်သူမှ မလုပ်ရဲတော့ဘူး” ဟု အဆိုပါမြို့ခံက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်၏မြို့တော် လွိုင်ကော်မြို့အပါအဝင် မြို့နယ် ၇ မြို့နယ်ဖြစ်သည့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ့နှင် ရှားတောမြို့နယ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း ပစ်ခတ်မှုအပြင်၊ လမ်းသွားပြည်သူကို ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ အယောက် ၆၀ ကျော် သေဆုံးမှုရှိနေသည်ဟုလည်း မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောပါသည်။

ထို့အပြင် လွိုင်ကော်မြို့ထဲတွင် ကျန်နေသေးသည့် ပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဆက်လက်ကယ်ထုတ် ပေးနေကြကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။

NMG ပေးပို့သည်။