ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဟု KNU သုံးသပ်ပြောဆို

By MPM 28 နိုဝင်ဘာ, 2023 👁

စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးရာတွင် အဖက်ဖက်ကရှုံးနိမ့်နေသောကြောင့် စစ်ကောင်စီက နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အပေးအယူလုပ်ကာ တွေ့ဆုံဆွေးနွေးမှုမျိုး လုပ်ဆောင်လာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို KNU က သတိပေးပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြည်သူလူထုအား ပြောကြားသည့် သတင်းစကားရုပ်သံထဲတွင် အခုလို ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“စစ်ကောင်စီဟာ အင်မတန်မှပဲ နိုင်ငံရေးအရရော စစ်ရေးအရရော အင်မတန်မှပဲ ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ စစ်ကောင်စီဘက်က လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထမျိုးအတိုင်းပဲ မရိုးနိုင်တဲ့ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဝေဝါးသွားစေနိုင်တဲ့ဟာတွေကိုတော့ လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ တစ်အချက်အနေနဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတို့ကို တစ်ယောက်စနှစ်ယောက်စ ပြန်ပြီးတော့ လွှတ်ပေးတာမျိုး နောက်ပြီးတော့ အင်မတန်ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို လွှတ်ပေးပြီးတော့ ပြည်သူလူထုဝေဝါးစေနိုင်တဲ့ သူတို့နဲ့ဆွေးနွေးမှုမျိုး အပေးအယူလုပ်တာမျိုးကို လုပ်လာနိုင် ပါတယ်။ ဒီဟာတွေကိုလည်း ဂရုစိုက်စောင့်ကြည့်ဖို့လိုပါတယ်” ပဒိုစောတောနီးက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီက လက်ရှိခေါင်းဆောင်နေရာတွင် အခြားလူတစ်ဦးတစ်ယောက်နှင်လည်း အစားထိုးပြီး ဟန်ပြအပြောင်းအလဲ လုပ်ဆောင်လာနိုင်သည့် အနေအထားမျိုးကို တွေ့မြင်နေရသည်ဟု KNU က ဆိုသည်။

ထိုသို့သော အခြေအနေမျိုး ဖြစ်လာခဲ့ပါက တွေဝေမနေကြဘဲ အာဏာရှင်စနစ်ကျရှုံးသွားသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြဖို့ ပဒိုစောတောနီးက တိုက်တွန်းထားသည်။

“အဲဒီလိုဖြစ်ခဲ့သည်ရှိသော် ကျနော်တို့ လက်ရှိတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုအားလုံးနဲ့ ပြည်သူလူထု တရပ်လုံးကလည်း လုံးဝတွေဝေမနေဘဲ ဒီစစ်အာဏာရှင်စနစ်ကို ပြုတ်ကျရေးအတွက် ကျနော်တို့ တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားဖို့တော့ လိုပါတယ်လို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။ အဲဒါကြောင့်မိုလို့ ကျနော်တို့ ဒီလိုရိုက်ခတ်တဲ့အခါမှာ မျက်နှာစာအသီးသီးမှာရှိတဲ့ နိုင်ငံရေးတိုက်ပွဲတွေ မျက်နှာစာ အသီးသီးမှာရှိတဲ့ သံတမန်ရေးတိုက်ပွဲတွေ နောက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေ နောက်ပြီးတော့ ပြည်သူလူထု တရပ်လုံးပါဝင်တဲ့ လူထုတိုက်ပွဲကိုလည်း ကျနော်တို့ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အခြေခံပြီး လုပ်ဆောင်နေသည့် တွေ့ဆုံဆွေးနွေးမှုများလည်း ရပ်တန့်သွားသလို နိုင်ငံအနှံ့၌လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင် နိုင်ငံတဝှမ်း၌ တိုက်ပွဲများ ဖြစ်ပွားနေသလို နိုင်ငံတကာ၌လည်း စစ်ကောင်စီက အဖက်ဖက်က ရှုံးနိမ့် နေသည့်အတွက် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအား ဝေဝါးသွားစေနိုင်သည့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်လာနိုင်သည့် အခြေအနေ၊ အနေအထားမျိုးကို တွေ့နေရသည်ဟု KNU က ဆိုသည်။

NMG ပေးပို့သည်။