တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးရှိ ထုံခါအကျဉ်းစခန်းတစ်ခုလုံးကို စစ်ကောင်စီက ရွှေ့ပြောင်းလိုက်ကြောင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်များထံမှ သိရသည်။
တပ်အင်အား ၃၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် လုံခြုံရေးယာဉ်တန်းနှင့်အတူ နိုဝင်ဘာ ၂၆ ရက်နေ့က ထုံခါအကျဉ်စခန်းရှိ ဝန်ထမ်းများနှင့်အတူ အကျဉ်းသားများကို မြိတ်မြို့နယ် ကျောက်ဖြူတောင်အကျဉ်စခန်းသို့ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။
ထုံခါအကျဉ်းစခန်းသည် စစ်ကောင်စီ၏ တနင်္သာရီစစ်ဗျူဟာနှင့် ၃ မိုင်သာ ကွာဝေးကြောင်းနှင့် အကျဉ်းစခန်းအား လုံခြုံရေး မပေးနိုင်ခြင်းကြောင့် စခန်းတစ်ခုလုံး ပြောင်းရွှေ့ခြင်း ဖြစ်နိုင်သည်ဟု KTLA – TCJF ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက ပြောဆိုသည်။
အကျဉ်းစခန်း ရွှေ့ပြောင်းနေစဉ် လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီယာဉ်တန်းကို ရမ်းဖိုနှင့် ကမ်းတိုကျေးရွာ ကြားတွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုလည်း ရှိနိုင်သည်ဟု ၎င်းကဆက်လက်ပြောပါသည်။
လက်ရှိချိန်တွင် ထုံခါအကျဉ်းစခန်း ပတ်ဝန်းကျင်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး အကျဉ်းစခန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စွဲကျန်ရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
စစ်ကောင်စီတပ်က အကျဉ်းစခန်းထဲတွင် တပ်စွဲထားသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း ထုံခါအကျဉ်းစခန်းနှင့် ကမ္ဘောဇ ဆီအုန်းခြံအတွင်း၌ ကင်းပုန်း ဝပ်နေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တော်လှန်ရေး အင်အားစုများက ပြောပါသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသော တနင်္သာရီမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က နယ်မြေအများစုကို လက်လွှတ်ထားရပြီး မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် မြို့ပေါ်တွင် ခံစစ်အတွက် ပြင်ဆင်ထားနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။