လွိုင်ကော်စစ်ရှောင်များကို ရှမ်းပြည်တောင်ပိုင်းဒေသခံတွေက လက်ခံ၍ စားဝတ်နေရေး ကူညီဆောင်ရွက်ပေးနေ

0
445
ပုံစာ - ရှမ်းပြည်နယ်ထဲကိုစစ်ရှောင်လာတဲ့ လွိုင်ကော်စစ်ဘေးရှောင်တချို့။

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်ထဲကို စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်လူထုတွေကို ရှမ်းပြည်တောင်ပိုင်းက ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးကြတယ်လို့ စစ်ရှောင်ကူသူများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ပြီးခဲ့တဲ့နှစ်ကတည်းက လာရောက်စစ်ရှောင်နေသူတွေ ရှိသလို ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေကိုလည်း အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးနေတာရှိတယ်လို့ ဆီဆိုင်မှ စစ်ရှောင်ကူညီသူ ခွန်ကျော်ဆွေက ပြောပါသည်။

“အလှူရှင်တွေ မရောက်တာလည်း ကြာပြီဆိုတော့ အခု ကျနော်တို့ ဘယ်လိုလုပ်လဲဆိုတော့ တတ်နိုင်သလောက်လေး‌ပေါ့၊ ရှိတာလေးနဲ့ ဒေသခံတွေရဲ့ အကူအညီလေးနဲ့ နေရာလေး ချထားပေးပြီး တတ်နိုင်သလောက်လေးပေါ့၊ လောလောဆယ်တော့ ကျနော်တို့ အလွန်ဆုံးတော့ ၄/၅ ရက်စာပဲ ကျနော်တို့ ပေးနိုင်တဲ့ အနေအထား တစ်ခုပဲ ရှိတယ်။ ဒီထက်ပိုပြီးတော့ ပေးဖို့တော့ ကျနော်တို့မှာလည်း အရင်းအမြစ်မရှိတော့ဘူးဗျ” လို့ ခွန်ကျော်ဆွေက ပြောသည်။

ကရင်နီပြည်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ ရှမ်းပြည်နယ် တောင်ကြီး ၊ညောင်ရွှေ၊ ဆီဆိုင်၊ အင်းလေး စတဲ့ နေရာအသီးသီးမှာ သွားရောက် တိမ်းရှောင်ကြတာရှိပြီး ဒေသခံတွေအနေနဲ့လည်း တတ်နိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက်ပေးနေကြတယ်လို့ သိရသည်။

စစ်ရှောင်တွေ ရောက်ရှိနေတဲ့ ကျေးရွာအသီးသီးက ဒေသခံတွေဟာ စစ်ရှောင်တွေအတွက် ရည်ရွယ်ပြီး ကူညီဖို့ မေးမြန်းလာသူတွေ ရှိသလို စစ်ရှောင်ရှိတဲ့ နေရာအထိ ကိုယ်တိုင်လာရောက် ကူညီပေးတာရှိတယ်လို့ အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါသည်။

“အလှူငွေ ထည့်ချင်တဲ့သူတွေက ဖုန်းတော်တော် ဆက်လာကြတယ်ဗျ။ စစ်ရှောင်အတွက် လှူချင်တယ် ဆိုပြီးတော့ အဲဒါနဲ့ ကျနော်က ပြန်ပြီးတော့ ဘုန်းကြီးကျောင်းကိုပဲ သွားလှူ ဘာညာပြောပေးလိုက်တာဗျ။ လာလှူကြတယ်ဗျ။ အရင်တစ်ခေါက်ဆို လှေနဲ့ အသီးအရွက်တတ်နိုင်သူက အသီးအရွက်၊ လှေတစ်စီး တတ်နိုင်သူက လာပြီးတော့ လှူကြတယ်” လို့ အဆိုပါ အင်းလေးဒေသခံအမျိုးသားက ပြောဆိုသည်။

ငွေကြေးတတ်နိုင်သူတွေကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အိမ်ငှားပြီး နေထိုင်ကြသလို တချို့စစ်ဘေးရှောင် တွေကတော့ ရောက်ရှိနေတဲ့ ကျေးရွာက ရွာခံတွေစီစဉ်ဆောင်ရွက်ပေးထားတဲ့ နေရာတွေမှာ တည်းခို နေကြတယ်လို့ သိရပါသည်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက်ပိုင်းမှာ ဘေးလွတ်ရာကို တိမ်းရှောင်လာကြတဲ့ လွိုင်ကော်က စစ်ရှောင်လူထုအနေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ အခြေပြုဒေသတွေမှာ လာရောက် ခိုလှုံနိုင်ကြောင်းကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထားသည်။

လက်ရှိမှာလည်း ပအိုဝ်းနယ်မြေအတွင်း လာရောက် စစ်ရှောင်လာသူတွေကို နေရာထိုင်ခင်း၊ စားသောက်ရေး အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးထားတာရှိတယ်လို့ PNLO တာဝန်ခံ ခွန်ထွန်းက ပြောပါသည်။

“ရှိပါတယ်။ ကျနော်တို့ကတော့ ရှိပါတယ်ခဗျာ့။ စီစဥ်ထားတာ ရှိပါတယ်။ နေရာချထားရေး အဖွဲ့တွေ ကျနော်တို့ ဖွဲ့ထားပါတယ်။ အခုတော့ စစ်ရှောင်စောင့်ရှောက်ရေးကော်မတီဖွဲ့ပြီးတော့မှ တာဝန်ယူဆောင်ရွက်ပေးတာ ရှိပါတယ်” လို့ တာဝန်ခံခွန်ထွန်းက ပြောသည်။

ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်တာဟာ ၁၀ ရက်မြောက် ရှိနေပြီဖြစ်ပြီး လွိုင်ကော်မြို့ပေါ်မှာ နေ့စဥ်နဲ့အမျှ တိုက်ပွဲ ပြင်းထန်နေဆဲလည်း ဖြစ်သည်။

လက်ရှိအချိန်ထိ ‌ရှမ်းပြည်ထဲကို ရောက်ရှိလာတဲ့ လွိုင်ကော်စစ်ရှောင်ဦးရေဟာ ၁ သောင်း‌ကျော် ရှိနိုင်ပြီး ရှိနှင့်ပြီးသား စစ်ရှောင်ဦးရေဟာလည်း သောင်းချီရှိနေနိုင်တယ်လို့ ဆီဆိုင်စစ်ရှောင်ကူညီသူ ခွန်ကျော်ဆွေက ခန့်မှန်းပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here