အင်းတော်မြို့နယ်ရှိစျေးတန်းတစ်ခု စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
282

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စော်မော်ချောင်းစျေးတန်းအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရသည့် စျေးတန်းအနီးတွင် တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး စစ်ဆေးရေး လုပ်နေစဉ်အတွင်း တိုက်ခိုက်ခံရတာဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

“စော်မော်ချောင်း အပေါ်အောက်၊ တောင်တက်သွားပြီးရင် အဲ့ဒီမှာ နမ့်မကျိုင်းလမ်းခွဲ ရှိတာလေ။ အဲ့မှာ ဂိတ်စောင့် နေတာ PDF တွေက၊ လေယာဥ်လာခဲ့တဲ့ အခါကြတော့ အကုန်လုံး ထွက်ပြေးကုန်ကြတာနေမှာပါ့။ ထွက်ပြေးကုန်တော့ ဆိုင်ကယ်သမားတွေလည်း ဆင်းခဲ့တော့တာပါ့။ အဲ့ဒီဆင်းဆင်းချင်းမှာ လူကများတဲ့ အခါကြတော့ အဲ့ဒါကို ထုတာ” ​လို့ ၎င်းဒေသခံက ပြောပြသည်။

နိုဝင်ဘာ ၁၉ ရက်နေ့နှင့် နိုဝင်ဘာ ၂၀ ရက်နေ့ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ကယ်ရီသမားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အင်းတော်ဒေသခံအချို့က ပြောဆိုသည်။

Indaw revolution (IR) ၏ သတင်းထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၂ဝ ရက်နေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကသာမြို့မှ မော်လူးသို့ ကုန်စိမ်းသွားရောက် ရောင်းချသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စော်မော်ချောင်း စျေးတန်းသည် ယခင်က ခရီးသည်ပို့ဆောင်ရေးကားများ ရပ်နားသည့် နေရာတစ်ခုဖြစ်ပြီး ကား၊ ဆိုင်ကယ် ဝပ်​ရှော့လုပ်ငန်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

အဆိုပါပစ်ခတ်မှုကို ကြားမြင်ခဲ့ရတဲ့ အင်းတော်မြို့ခံတစ်ဦးက “အများကြီးမောင်။ ဒုန်း ဒုန်း ဒုန်း ဒုန်း နဲ့ ချပစ်တာ။ လေးငါးဆယ်ချက်လောက် ချပစ်တာ။ နောက်တစ်ခါကျတော့ ပြန်ဝဲပြီးတော့မှ နောက်နှစ်ချက် ပြန်ချပြန်တာ။ မီးခိုးတွေရော ထွက်ခဲ့တာပဲ။ ဘယ်က ထွက်ခဲ့မှန်းလည်းမသိဘူး။ မီးခိုးကတော့ တော်တော်များတယ်။ မီးခိုးတွေက အမဲတွေ” ဟု ပြောသည်။

အဆိုပါစျေးတန်းအား နိုဝင်ဘာ ၁၉ ရက်နေ့ ည​နေပိုင်းကလည်း လေကြောင်းဖြင့် ဗုံး ၆ လုံး ကြဲချခဲ့ရာ စျေးဆိုင်အချို့ မီးလောင်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။

တိုက်ပွဲများကြောင့် အင်းတော်မြို့နယ်ရှိ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားလာခွင့်ကို ယာယီပိတ်ထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ထုတ်ပြန်ထားပြီး အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း စက်သုံးဆီရှားပါးမှုနှင့် စျေးနုန်းကြီးမြင့်မှု ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here