လွိုင်ကော်မှာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး ၃၂ ဦး လက်နက်ချက်အညံ့ခံ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ

0
386

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့မှာ ပြုလုပ်နေတဲ့ “၁၁.၁၁ စစ်ဆင်ရေး” ၄ ရက်မြောက်နေ့မှာ စစ်ကောင်စီ တပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်သည်။

လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားတွေဟာ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄၂၅ နဲ့ ခမရ ၆ တပ်ရင်းက တပ်သားတွေ ဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

စစ်ဆင်ရေး ၃ ရက်မြောက်နေ့ ဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ ခမရ ၄၂၅ တပ်ရင်းရဲ့ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံး နီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုသည်။

ဒါ့အပြင် ခမရ ၆ တပ်ရင်းရဲ့ အင်အားတဝက်လောက်ကိုလည်း ချေမှုန်းနိုင်ခဲ့ပြီး တပ်ခွဲမှူး ‘ကောင်းမြတ်ကို’ ဦးစီးတဲ့ စစ်ကောင်စီတပ်သား ၃၂ ဦးက နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF ရဲ့ စစ်ဖက်ဆိုင်ရာအက်ဥပဒေနဲ့ သုံ့ပန်းဆိုင်ရာ မူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ အပြည့်အဝပေးထားတယ်လို့ ထုတ်ပြန်ချက်အရ သိရသည်။

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း ၂ ရင်းက တပ်သား ၁၁၀ ကျော်ကို သုတ်သင်နိုင်ပြီး စစ်သုံ့ပန်း ၃၈ ယောက် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဒါ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နဲ့ ခဲယမ်း တွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်တွင် ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here