နိုင်ငံရေးအခြေအနေနှင့် အစစ်အဆေးများပြားခြင်းကြောင့် ဖားအံမြို့သို့လာရောက်သူနည်းပါးနေဆဲဖြစ်

0
331

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် ပွင့်လင်းရာသီ ခရီးသွားကာလဖြစ်သော်လည်း အများပြည်သူ ရုံးပိတ်ရက်ရှည်များမှအပ အနယ်နယ်အရပ်ရပ်မှ ဖားအံမြို့သို့ လာရောက်သူ နည်းပါးနေဆဲဖြစ်ကြောင်း ဖားအံမြို့နေပြည်သူများထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင် လမ်းတလျှောက် စစ်တပ်ဂိတ်စခန်းများ၏ အစစ်အဆေးများပြားခြင်းကြောင့် အပါအဝင် လက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးလက်နက်ကိုင်များ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်လည်း ဖားအံမြို့သို့ လာရောက်လည်ပတ်ဝံ့သူ နည်းပါးနေခြင်းဖြစ်သည်ဟု စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

“အရင် လက်သုံးချောင်းကိစ္စ မတိုင်ခင်ကတော့ ဖားအံလာလည်တဲ့ ခရီးသွားဧည့်သည်များသေးတာပေါ့။ အခုကတော့ သီတင်းကျွတ် ရုံးပိတ်ရက်လောက်ပဲ လူစည်တော့တယ်။ အဲဒီရက်ဆိုရင်တော့ ကမ်းနားလမ်း ညဈေးကဆိုင်တွေမှာ လူအပြည့်ပဲ။ ကျန်တဲ့ရက်ကတော့ လာလည်သူ နည်းနေတုန်းပေါ့၊ အရင်လိုပုံမှန်တော့ မဟုတ်သေးဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖားအံ သံလွင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်စခန်းတွင် မြို့သို့ဖြတ်သန်းသွားလာသည့် မော်တော်ယာဥ်များအား စစ်ဆေးခြင်းနှင့် သွားလာသူများ၏ ဖုန်းနှင့် ခရီးဆောင်အိတ်များအား အသေးစိတ် ရှာဖွေ စစ်ဆေးခြင်းတို့ကြောင့် သတိထား သွားလာနေရကြောင်း ခရီးသွားများထံမှ သိရသည်။

စစ်တောင်းတံတားရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင်လည်း မော်တော်ယာဉ်ကြီး ယာဥ်ငယ်မရွေး X Ray စက်များဖြင့် စစ်ကောင်စီက အချိန်ယူစစ်ဆေးသည့်အတွက် ကားများပိတ်ဆို့ကာ လမ်းခရီး ကြန့်ကြာခြင်း များကြောင့် ယာဥ်ပေါ်တွင်သာ အချိန်ကုန်နေရသည်ဟု ဖားအံမြို့သို့ အလည်အပတ်လာရောက်သူ အမျိုးသား တစ်ဦးက ယခုလိုပြောသည်။

“ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ကားသေးတွေပါ စစ်နေတော့ ပိုကြာတာပေါ့။ သံလွင်တံတားဂိတ်ကတော့ ကျနော်လာတဲ့ရက်ကရော ပြန်တဲ့ရက်ကရော အသွားအပြန်စစ်တာ အစစ်ခံနေရတဲ့ကားတန်းကို အရှည်ကြီး။ ကားပေါ်မှာတင် အချိန်တွေ တော်တော်ကုန်တယ်။ မြို့ထဲ အထင်ကရနေရာ တော်တော်များများ လာလည်တဲ့သူကတော့ မရှိသလောက်ပဲ၊ ကမ်းနားလမ်း ညဈေးဘက်ပဲ တစ်ချက်လူရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်မှ အာဏာသိမ်းယူပြီးသည့်နောက်ပိုင်း ဖားအံတွင် စစ်တပ်ဂိတ်စခန်းများ တဖြည်းဖြည်း ပိုမိုများပြားလျက်ရှိပြီး ယခုနှစ် ဇူလိုင်လကုန်ပိုင်းက သံလွင်တံတားရှိ စစ်ကောင်စီ၏ လုံခြုံရေးဂိတ်စခန်း နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ဘက်၊ ရဲဘက်နှင့်ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သဖြင့် စစ်တပ်က မြို့အတွင်း ယခင်ကထက် အစစ်အဆေးတင်းကြပ်ခဲ့သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here