ကောလင်းခရိုင်မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေသန်းပေါင်း ကိုးရာ့ငါးဆယ်ကျော် သိမ်းဆည်းမိကြောင်း NUG ကြေညာ

0
288
ပုံစာ - ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှသိမ်းဆည်းရမိသောငွေများ။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ကိုးရာ့ငါးဆယ်ကျော် (၉၅၂.၃၄၃) အားလက်ခံသိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကြားကာလဗဟိုဘဏ်က နိုဝင်ဘာလ ၁၄ ရက် ရက်စွဲဖြင့် ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကောလင်းခရိုင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်နီးစပ်သူ ဌာနဆိုင်ရာ ဦးစီးအရာရှိတစ်ဦးက ဟုတ်မှန်ကြောင်း ဝန်ခံပြောသည်။

“ငွေတွေပါသွားတာဟုတ်တယ်” ဟု စစ်ကောင်စီလက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဦးစီးအရာရှိက ဆိုသည်။

သိမ်းဆည်းရမိသော ငွေသားများအား ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါအဖွဲ့က ငွေသားလက်ကျန်များအား လက်ခံသိမ်းဆည်းထားပြီးလျှင် ကြားကာလဗဟိုဘဏ်က စာရင်းသွင်းမှတ်တမ်းတင်ထားပြီး စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောလင်းမြို့သည် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ တော်လှန်ရေး ဖြစ်စဥ်တလျောက်အတွင်း အစောဆုံး သိမ်းပိုက်နိုင်ခဲ့သည့် ခရိုင်မြို့ဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများက မှတ်ယူကြသည်။

ကောလင်း​​ခရိုင်တွင် ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့ပါဝင်ပြီး ရွှေ၊ သစ်၊ စပါး၊ ဆား၊ ကျောက်မီးသွေးနှင့် ရေနံသယံဇာတများထွက်ရှိရာ ဒေသတစ်ခုလည်း ဖြစ်သည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here