မယ်စဲ့သို့စစ်ကူသွားသော ကားများနှင့် စစ်သင်တန်းကျောင်းတွင် ပိတ်မိသောကားများ လွိုင်ကော်ဘက်သို့ ပြန်လှည့်ထွက်ခွာ

0
380

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မှ မယ်စဲ့ဘက်သို့ စစ်အင်အားဖြည့်တင်းရန်သွားသော ကားအစီးရေ ၆၀ ကျော်နှင့် အမှတ် ၁၄ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် တစ်နှစ်ကျော်ပိတ်မိထားသည့် စစ်ကားများအပါအဝင် ကားအစီးရေ ၁၀၀ ကျော်ခန့် လွိုင်ကော်ဘက်သို့ ပြန်လည်ထွက်ခွါသွားပြီဟု ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြားမှ မယ်စဲ့ဘက်သို့ စစ်အင်အားဖြည့်တင်းပြီး ပြန်လာသော ကားအစင်းရေ ၆၀ ကျော်နှင့် အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းတွင် တစ်နှစ်ကျော်ကြာ ပိတ်မိနေသောကားများသည် လွိုင်ကော်ဘက်သို့ နိုဝင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ ညသန်းခေါင်ယံအချိန်တွင် ဖြတ်သန်းမောင်းနှင်သွားခဲ့ကြခြင်းဖြစ်သည်ဟု KNDF ၏ ပြန်ကြားရေးတာဝန်ရှိသူများက ပြောသည်။

KNDF ၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ညသန်းခေါင်နဲ့ မနက်ကြား နောက်ဆုံးဖြစ်တဲ့ ၆ ရက်နေ့ကျတော့ ညသန်းခေါင်မရောက်ခင်မှာ ဖြတ်သွားတယ်။ ခွေးကားတွေတော့ တစ်စီးမှ မပျက်ကျန်ခဲ့ဘူး။ သူတို့ ညသန်းခေါင် တွေပဲ အကုန်လုံး မောင်းသွားကုန်တယ်” ဟု ပြောသည်။

ထိုသို့ဖြတ်သွားသော စစ်ကောင်စီ၏ယာဉ်တန်းကို ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု ပြောသည်။

KNDF ပြန်ကြားရေးတာဝန်ရှိသူက “စစ်ခွေးတွေဘက်က အကျအဆုံးတွေ ရှိနိုင်ပေမယ့် ညဘက်မှာတွေပဲဖြစ်တော့ နယ်မြေရှင်းလင်းရေးလည်း အခုထိ ကောင်းကောင်းမလုပ်ရသေးတော့ အထိအခိုက်တွေတော့ မသိရသေးဘူးပေါ့” ဟု ပြောသည်။

ဖရူဆိုမြို့ရှိ အမှတ် ၁၄ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းအတွင်း၌ ကားများမတွေ့ရတော့သည့်အပြင် လမ်းတလျှောက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း မရှိတော့ဘူးဟု ဆိုသည်။

ရှေ့တန်းရောက် သတင်းအရင်းအမြစ်က “ကားတွေ အကုန်ပြန်ဖြတ်သွားတော့ သူတို့ကင်းရှည် ထိုးထားတဲ့ ဒေါညေးခူ၊ ကဒါးလားပေါ့ ဒီဘက်က စစ်သားတွေ နေရာယူထားတဲ့ လမ်းဘေးနေရာက စစ်သားတွေ အကုန် ပြန်ရုတ်ကုန်ပြီလေ၊ အခုက ကားတွေလည်း မရှိတော့ဘူးပေါ့” ဟု ပြောသည်။

သို့သော် စစ်ကောင်စီယာဉ်တန်း ထွက်ခွာချိန် ထို ၃ ရက်အတွင်း၌ “သူတို့က (စစ်ကောင်စီ) တက်လိုက်ဆင်းလိုက် အဲ့လိုဖြစ်နေတာ၊ တိုက်ပွဲဖြစ်တဲ့ သုံးရက်အတွင်းပေါ့ တက်လိုက်ဆင်းလိုက်နဲ့ ရိက္ခာတွေပို့ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်နှင့် နယ်မြေရှင်းလင်းမှုများကို မလုပ်ဆောင်ရသေးသောကြောင့် ဒေါညေးခူ – ထီးပေါ်ဆို လမ်းပိုင်းအား ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မလုပ်ကြရန် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုသတိပေးထားသည်။

အဆိုပါ စစ်ကောင်စီ၏ ယာဉ်တန်းသည် ဘောလခဲမြို့သို့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အမှတ် ၁၄ လေ့ကျင့်ရေးကျောင်းသို့ ပြန်ရောက်ရှိလာခဲ့သည်။

ထိုမှတဆင့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ အမှတ် ၁၄ လေ့ကျင့်ရေးကျောင်းမှတဆင့် ဖရူဆို – ဒီးမော့ဆို – လွိုင်ကော် ပြည်ထောင်စုလမ်းမအတိုင်း ညသန်းခေါင်အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here