ကျောက်ထုအမြောက်တပ်က ဒု-အရာခံဗိုလ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာ

0
288
ပုံစာ- ကျောက်ထုအမြောက်တပ်မှ ဒု-အရာခံဗိုလ်တစ်ဦး အလင်းဝင်လာစဉ်။ Photo-YRA

မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်မှ စစ်ကောင်စီ ဒု-အရာခံဗိုလ်တစ်ဦးသည် Yaw Revolution Army ကို စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာတာကြောင့် ဆုငွေသိန်း ၅၀ ချီးမြင့်လိုက်တယ်လို့ YRA က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ် ကျော်စိုးလှိုင်သည် ဂန့်ဂေါခရိုင် တပ်ရင်း (၁၅၊ ၁၆၊ ၁၇)- YRA ထီးလင်းကို လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင် ရောက်လာခြင်း ဖြစ်သည်။

“သူပြောပြတာကတော့ တပ်ထဲမှာလည်း သူတို့တော်တော်စိတ်ဆင်းရဲပြီး နေရတယ်။ နောက်ပြီး မနေချင်ဘဲနဲ့ နေနေရတယ်။ မလုပ်ချင်းဘဲလည်း လုပ်နေရတယ်လို့ သူပြောပြတာ ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့ အချိတ်အဆက် မရှိလိုသာ မလုပ်ခဲ့ရတာ။ ယုံကြည်ဖို့ ခက်ခဲလို့သာ သူတို့ CDM မပြုလုပ်ခဲ့တာ၊ ခုအဆက်အသွယ်ရလို့ လုပ်ခဲ့တာ” လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊ ၁၆၊ ၁၇) YRA မှ သခင်ဇော်က ပြောပါသည်။

ဒု-အရာခံဗိုလ် ကျော်စိုးလှိုင်ဟာ YRA ထီးလင်းသို့ အလင်းဝင်လာသူတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်ပြီး ကျောက်ထုတပ်ထဲကနေ CDM ပြုလုပ်လိုသူတွေ အများအပြား ရှိနေတယ်လို့ သူက ဆက်ပြောပါသည်။

CDM ပြုလုပ်လာတဲ့ ဒုအရာခံဗိုလ်နဲ့အတူ MA-3 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၁၉ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည် ယူဆောင်ခဲ့တယ်လို့သိရပြီး ထိုဒု-အရာခံဗိုလ်ကို လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ပေးထားတယ်လို့ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း YRA ထီးလင်းကို CDM ပြုလုပ်လာသူ ရဲနဲ့ စစ်သား ၂၅ ဦးဝန်းကျင်ရှိတယ်လို့သိရပြီး သူတို့တွေကို လွတ်မြောက်နယ်မြေတွေနဲ့ သွားလိုတဲ့နေရာတွေကို ပို့ဆောင်ပေးထားတယ်လို့လည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here