“၁၁.၁၁ စစ်ဆင်ရေး” တစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈ ခု သိမ်းပိုက်ခဲ့နိုင်

0
337
ပုံစာ - သိမ်းဆည်းရမိသည့် စစ်လက်နက်ခဲယမ်းများ။

ကရင်နီ (ကယား) ပြည်မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက “၁၁.၁၁ စစ်ဆင်ရေး” ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဆောင်ရွက်ခဲ့ပြီး တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ စခန်း၇ ခုအပြင် ဒီညနေ ထပ်သိမ်းပိုက်တာ ၈ ခု ရှိသွားပါပြီ။ ကျနော်တို့ စစ်ဆင်ရေးကို ထပ်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့၊ မိုးဗြဲမြို့ နဲ့ လွိုင်ကော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို၊ ချိကယ် စတဲ့ ကျေးရွာတွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရသည်။

စစ်ကြောင်း (၃) ကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီက စတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှု ရှိခဲ့တဲ့အပြင် စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရသည်။

KNDF ဥက္ကဌ ခွန်းဘီထူးက “စစ်ကောင်စီဘက်က ကျဆုံးမှုကို အတိကျမသိပေမယ့် အနည်းဆုံး ရာကျော်လိမ့်မယ် လို့ ယူဆတယ်။ KNDF ဘက် အားလုံးပေါင်း ၇ ဦး ထက်မနည်း ကျဆုံးမှုရှိပြီးတော့မှ PDF တွေ ၊ ကလလတတွေ ပေါင်းလိုက်ရင်တော့ အားလုံးပေါင်း ၁၁ ဦးကျော် ကျဆုံးမှုရှိပါတယ်” လို့ ပြောပါသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လက်နက်ငယ် ၁၀၀ ခန့် နဲ့ တခြား ခဲယမ်းကျည်ဆံတွေကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စင်းနဲ့ အကြိမ် ၂၀ နီးပါး ပစ်ခတ်တာရှိခဲ့ပြီး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့လည်း ၂ ကြိမ်လာရောက် ပစ်ခတ်ခဲ့တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

စစ်ကောင်စီရဲ့ အမျိုးအမည်မသိ တိုက်လေယာဉ် ၁ စင်းကို KA, KNDF တပ်ရင်း (၁) တို့ဘက်ကနေ ပွိုင့်ဖိုက်နဲ့ ပစ်ခတ်မှုကြောင့် လေယာဉ်တောင်ပံနဲ့ ကိုယ်ထည်ပိုင်း ထိမှန်ပြီး ပျက်ကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ တိုက်ပွဲအတွင်း အရပ်သား ၅ ဦး ထိခိုက်သေဆုံးခဲ့ရာမှာ လက်နက်ကြီးကြောင့် တစ်နှစ်သားကလေး ၁ ဦး၊ အမျိုးသား ၁ ဦး ၊ လေယာဉ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးနဲ့ လမ်းမဘေးမှာ လက်နက်ငယ်နဲ့ ပစ်သတ်ခံရသူ ၁ ဦး တို့ ဖြစ်တယ်လို့ သိရသည်။

မြို့တွင်းပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းစတဲ့ လုံခြုံတဲ့နေရာ ဖန်တီးပြီး နေကြဖို့နဲ့ လုံခြုံတဲ့နေရာ ပြောင်းရွေ့ဖို့အတွက် ပြင်ဆင်ကြဖို့ သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးက ထုတ်ပြန်အသိပေးထားသည်။

“၁၁.၁၁ စစ်ဆင်ရေး” ကတော့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ဖြစ်သလို စစ်ရေးပိုမိုပြင်းထန်ဖို့ရှိတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here