သရက်ချောင်းမြို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
259

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ပဲဒက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

သေဆုံးသွားသူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသက် ၅၇ နှစ်အရွယ် ဦးစိုးဝေသည် NLD အစိုးရလက်ထက် မတိုင်ခင်ကတည်းက အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင် လုပ်ကိုင်ခဲ့သူ ဖြစ်သည့်အပြင် စစ်တပ် အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူ ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ပဲဒက်ရွာသားတစ်ဦးက “ရွာမှာပြန်လာနေတာ သိပ်မကြာသေးဘူး။ ၂ လကျော် ၃ လ လောက် ရှိသေးတာ။ စစ်တပ်နဲ့ပေါင်းပြီး ရွာထဲက သူနဲ့ မတည့်တဲ့သူတွေကို အပြစ်ရှာပြီးဖမ်းတာ၊ ဆန္ဒပြပွဲတွေမှာ ပါတဲ့သူတွေရဲ့ အိမ်တွေကို လိုက်ပြပြီး ဖမ်းဆီးခိုင်းတာတွေ လုပ်နေတာကြောင့် PDF တွေက သတိပေးတာလည်း ခံထားရဖူးတယ်“ ဟု ပြောသည်။

၂၀၂၂ ခုနှစ် မေလအတွင်းက ပျူစောထီးစခန်း ပြုလုပ်ထားသည့် ပဲဒက်ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်က ဦးစိုးဝေမှာ ကံကောင်းထောက်မစွာ ထွက်ပြေး လွတ်မြောက်သွားပြီး ကျေးရွာမှ ခေတ္တတိမ်းရှောင်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၉ နာရီခန့်က ဆိုင်ကယ်ဖြင့် ဆံပင်ညှပ်ရာမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး ဦးစိုးဝေကို ဆင်စွယ်ချောင်းကျေးရွာ အရောက်တွင် ဆိုင်ကယ်စီးလာသူ လူ၂ ဦးက သေနတ်ဖြင့် ပစ်သတ် သွားခဲ့ခြင်း ဖြစ်သည်။ ဆင်စွယ်ချောင်းကျေးရွာသည် ပဲဒက်ကျေးရွာနှင့် ရွာချင်းကပ်လျက်ရှိနေပြီး ၃ မိုင်ခန့် သာ ကွာဝေးသည်ဟု ရွာသားများထံမှ သိရသည်။

စစ်ကောင်စီက အားထားရသူ အုပ်ချုပ်ရေးမှူးဦးစိုးဝေ ပစ်သတ်ခံရခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲအနေဖြင့် ကျေးရွာအတွင်းရှိ ရွာသားများကို အကြမ်းဖက် ဖမ်းဆီးလာမည်ကို ​ဒေသခံပြည်သူများက စိတ်ပူစိုးရိမ်နေကြသည်။

သရက်ချောင်းမြို့နယ်အတွင်း ပဲဒက်ကျေးရွာသည် ပျူစောထီး အားအကောင်းဆုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံမှုအများဆုံး ရွာတစ်ရွာလည်း ဖြစ်သည်။

ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးသည့်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများပူးပေါင်း၍ ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည်ဟု ရွာသားများက ပြောပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here