ဟုမ္မလင်းဒေသ စစ်ကောင်စီရဲ့အရေးပါတဲ့ ရှမ်းနီ SNA တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

0
381
ပုံစာ - ရှေ့တန်းမှ KIA စစ်သားတချို့။

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA စုပေါင်းနေထိုင်ထားတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဖားကန်း၊ ဆယ်ဇင်းနဲ့ ဟုမ္မလင်းကြားရှိ မန်ဇိန်းချောင်းတဖက်ကမ်းမှာ ၂ နှစ်ကျော်ကြာ ရေပေါ်မီး စစ်ကောင်စီတပ် ၈၉ တပ်ရင်းနဲ့ ပူးပေါင်းပြီး တပ်စွဲနေထိုင်ထားတဲ့ SNA တပ်စခန်း ၃ ခုကို KIA နဲ့ PDF တပ်ဖွဲ့တွေက နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်း ၃ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ KIA တပ်ရင်း ၂၆ မှာရှိတဲ့ သတင်းအရင်းအမြစ်တစ်ယောက်က ပြောသည်။

“စခန်းသိမ်းတဲ့နေရာက ဟုမ္မလင်းဘက်ခြမ်း ဟုတ်တယ်၊ ဆယ်ဇင်းနဲ့က တဖက်မှာပဲရှိတာ။ ပြီးခဲ့တဲ့လမှာပဲ တိုက်ပွဲဖြစ်တဲ့နေရာပဲ။ ဒီမနက် ၃ နာရီလောက်ကနေ လက်နက်ကြီးတွေအရင် ပစ်ပြီးတော့ ဝင်တိုက်တာ ၈ နာရီ လောက် အထိတော့ တပ်စခန်း ၂ ခုကို အပြီးသိမ်းလိုက်ပြီ။ နောက်တစ်နေရာမှာလည်း ပြန်သိမ်းဖို့လုပ်နေကြတာ၊ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ” လို့ ၎င်းက ပြောပါသည်။

စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာက ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သံယောဇဉ်ကုန်း (ဒေသအခေါ်) ကားလမ်းမကြီး ပေါ်မှာရှိတဲ့ SNA တပ်ဖွဲ့ရဲ့ တပ်စခန်းအကြီး နေရာတစ်ခုဖြစ်ပြီး တစ်နေရာထဲမှာပင် စခန်း ၃ ခုက မီတာ ၃၀၀ လောက်အကွာ ပတ်လည်တဝိုက် တည်ဆောက်ထားတဲ့ တပ်စခန်း ဖြစ်တယ်လို့ ၎င်းက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာ၌ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုရှိကြောင်း သိရပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း KIA က သိမ်းဆည်း ရမိထားတယ်လို့ သိရသည်။

အဲဒီတပ်စခန်းနေရာတွေဟာ ဟုမ္မလင်းနဲ့ ဆယ်ဇင်း ဒေသတွေကို အဓိက စစ်ရေးထိန်းချုပ်ဖို့အတွက် စစ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းမှာ ရှမ်းနီ SNA တပ်က လာရောက်တပ်ချထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းပေးနေတဲ့ အရေးပါတဲ့ တပ်စခန်းအကြီးတစ်ခု ဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“သူတို့က နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး စခန်းချထားတာဖြစ်တယ်။ အဲဒီဘက်ခြမ်းကို KIA နဲ့ PDF ကူးသွားတာတွေ မရှိအောင်ဆိုပြီး ကင်းစခန်းပုံစံလည်း ဖြစ်တယ်။ ပြီးရင် အဲ့မှာ လမ်းမပေါ်မှာပဲ ဂိတ်စခန်းလည်း ချထားတာ ဖြစ်တယ်။ လမ်းသွားလမ်းလာလည်း အရမ်းစစ်ဆေးတဲ့ဂိတ် ဖြစ်တယ်။ ကချင်ဆိုရင်တောင် သိပ်သွားလို့မရတဲ့ အနေအထားမှာဟုတ်တယ်” ၎င်းက ဆိုသည်။

ရှမ်းနီတပ်ဖွဲ့တွေဟာ တပ်စခန်းချထားရုံတင်မကပဲ လမ်းမကြီးပေါ်မှာပါ စစ်ဆေးရေးဂိတ် ထားရှိထားတာကြောင့် ဖားကန့်ကနေ ဟုမ္မလင်းကိုသွားလာတဲ့ ပြည်သူများအား စစ်ဆေးရေး တင်းကြပ်တာတွေ၊ ငွေကြေး တောင်းခံတာတွေ ပုံမှန်လုပ်ဆောင်နေတဲ့ တပ်စခန်းလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြသည်။

အဲဒီဂိတ်စခန်းမှာ မင်္သကာတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်လိုက်တာတွေလည်း မကြာခဏ လုပ်ဆောင်နေတဲ့ တပ်စခန်းဖြစ်တာကြောင့် KIA က စခန်းသိမ်းတိုက်ပွဲဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရသည်။

ဒါ့အပြင် စစ်ကိုင်း၊ ဟုမ္မလင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့များ စစ်အင်အားတိုးချဲ့လာတိုင်း အဲဒီ SNA တပ်စခန်းမှာ အင်အားဖြည့်တင်းကြပြီး ဖားကန့်ဒေသတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို စစ်အထောက်အကူပြုပေးနေတာကြောင့် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ဆယ်ဇင်းနဲ့ ဟုမ္မလင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသလို ဆယ်ဇင်းဒေသက SNA တပ်စခန်းတချို့ကိုလည်း KIA က ဝင်ရောက်တိုက်ခိုက် ရှင်းလင်းတာတွေလည်း ရှိခဲ့သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here