ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာတချို့မှရွာခံများ တိမ်းရှောင်နေရ

0
509

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF မဟာမိတ်တပ်ဖွဲ့တွေကြား နိုဝင်ဘာ ၈ ရက်ကစပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် ကျေးရွာတချို့မှရွာခံများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရသည်။

ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ ကင်းစေတီမှာတပ်စွဲထားတဲ့ SNA တပ်နဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ဟာ နိုဝင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းမှာ ဟုမ္မလင်း PDF တပ်တွေ အများစုနယ်မြေ စိုးမိုးထားတဲ့ လွှစင်ကုန်းဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ယမ်းပစ်ပြီး စစ်ကြောင်းထိုးလာရာက လွှစင်ကုန်းကျေးရွာအနီး တောစပ်တနေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဟုမ္မလင်း PDF နဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“စစ်သားတွေက လွန်ခဲ့တဲ့ ၃၊ ၄ ရက် လောက်ကတည်းက ဟုမ္မလင်းကနေ နောင်ပိုအောင်ဘက်ကို အင်အားတွေ ဖြည့်နေတာ စစ်ကြောင်းထိုးဖို့နေမှာပေါ့၊ အဲ့တာ ဒီမနက် (နိုဝင်ဘာ ၈ ရက်) က အစောကြီး ၅ နာရီလောက်ကို လွှစင်ကုန်းဘက် စစ်ကြောင်းထိုးတာ လွှစင်ကုန်းမှာလည်း ဒီဘက် (PDF) တွေ ရှိထားတော့ တိုက်ပွဲဖြစ်တာပေါ့၊ အတော်ကြာတယ် နေ့လည် ၁၁ နာရီလောက်ထိကို ဖြစ်တယ်။ ခုလည်း တင်းမာနေတုန်း” လို့ ယင်းအမျိုးသမီးက ပြောသည်။

လွှစင်ကုန်းဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ‌တဲ့ မြေပြင်သတင်း ကြိုတင်ရရှိတဲ့အတွက် ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ဗိုလ်မိုးကြိုးတပ်၊ ခန္တီးတပ်ရင်း (၁)၊ Humalinn 123 တပ်ရင်းနဲ့ ဦးရှမ်းကြီး တပ်တွေက လွှစင်ကုန်းအနီးမှာ ခြုံခိုတိုက်ခဲ့တာကြောင့် SNA၊ စစ်ကောင်စီတပ်တွေဘက်က အထိအခိုက်များပြီး လေကြောင်းပစ်ကူတာ‌တွေအပြင် မြေပြင်စစ်ကြောင်းကပါ စစ်ကူလာခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရသည်။

“SNA နဲ့ စစ်ကောက်စီတပ်တွေဘက်က အထိနာအကျအဆုံးတွေ များတယ်ပြောတယ်၊ အဲ့ကြောင့် ကိုးနာရီလောက်မှာဆိုတော့ ဒီကနေ လေယာဥ်တက်သွားပြီး လွှစင်ကုန်းတလျောက် ၄၊ ၅ လုံး ကျဲသွားတယ်တဲ့၊ ဒီဘက် (PDF ) ဘက်ကတော့ ထိခိုက်တာ မရှိဘူးပြောတယ်” လို့ အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

လွှစင်ကုန်းဘက်မှာ အခုလိုတိုက်ပွဲ ပြင်းထန်နေတာကြောင့် လွှစင်ကုန်း ကျေးရွာအပါအဝင် လွှစင်ကုန်းအနီးက မြောက်ရွာ၊ အော်တော်၊ ဆပ်ကယား စတဲ့ ကျေးရွာတွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှ ရွာခံတွေဟာ မြို့ပေါ်နဲ့ အခြားစစ်ကြောင်းနဲ့လွတ်တဲ့ ကျေးရွာတွေမှာ မနေ့ (နိုဝင်ဘာ ၇ ရက်) ကတည်းက စတင် တိမ်းရှောင်နေကြပြီး အများစုက ဒီကနေ့ (နိုဝင်ဘာ ၈ ရက်) မနက်မှာ စတင် စစ်ရှောင်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဒါ့အပြင် စစ်ကောင်စီတပ်က လွှစင်ကုန်းဘက်ကို ထိုးစစ်ဆင်ဖို့ စတင် ပြင်ဆင်လာတဲ့ လွန်ခဲ့တဲ့ ၄ ရက် လောက်ကတည်းက ဟုမ္မလင်းတစ်မြို့နယ်လုံးကို MPT နဲ့ တခြားဆက်သွယ်ရေး အော်ပရေတာ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရသည်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ လွှစင်ကုန်းကျေးရွာက ဟုမ္မလင်းမြို့နဲ့ ၁၂ မိုင်လောက်သာကွာဝေးပြီး SNA နဲ့ စစ်ကောင်စီတပ်တို့က နောင်ပိုအောင်၊ လွှစင်ကုန်း ကျေးရွာတွေကို အပြည့်အဝ ထိန်းချုပ်ဖို့ ယခုနှစ်စကတည်းကနေ ကြိုးပမ်းနေတာဖြစ်တယ်လို့ နယ်ခံသတင်းရင်းမြစ်များက ပြောသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here