သတ်မှတ်ချိန်အတွင်း အမည်စာရင်းလာမပေးရင် နေအိမ်အထိ တပ်သားစုဆောင်းသွားမယ်လို့ ပြည်သူ့စစ်ခေါင်းဆောင်ပြော

0
424
ပုံစာ - ပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း

ကချင်ပြည်နယ်အတွင်းနေထိုင်သည့် လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်လုပ်ဖို့ စာရင်းလာသွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ထိ စာရင်းသွင်းတာမရှိရင် နေအိမ်အထိ လာရောက်စုဆောင်းသွားမှာဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းက ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံဖြစ်သည့် ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့က အောက်တိုဘာလ ၃၀ ရက် နေ့စွဲဖြင့် ပြည်သူ့စစ်လုပ်ဖို့ တပ်သားအသစ် စုဆောင်းမယ့်အကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ထားပြီး နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ စာရင်းလာသွင်းကြဖို့ အသိပေးဖော်ပြထားသည်။

ဒါ့အပြင် ဒီလိုတပ်သားစုဆောင်းတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ စတင်ပြီးတော့ လီဆူလူမျိုးတွေနေထိုင်တဲ့ ဒေသ တစ်ခုပြီးတစ်ခုမှာ လုပ်ဆောင်သွားမယ်လို့ ဦးရွှေမင်းက အခုလိုပြောသည်။

“အဓိက ကတော့ ဝိုင်းမော်မှာစမယ်၊ ဒါပေမဲ့ ဝိုင်းမော်မှာလည်း ကျနော်တို့က အဓိကလီဆူတွေကိုပဲ ပြောတာ ဖြစ်တယ်။ အခြားသောညီနောင်တိုင်းရင်း ဘယ်လူမျိုးကိုမှ ပြောတာမရှိဘူး။ ဒါပေမဲ့ ဝင်လာလို့ကတော့ ဘယ်တိုင်းရင်းသားမဆို လက်ခံတယ်။ ကျနော်တို့လီဆူကို အခြေခံပြီးလုပ်တာဖြစ်တယ်။ ဝိုင်းမော်ပြီးရင် ဥပမာ–မြစ်ကြီးနား ရှိမယ်။ ကျနော်တို့ လီဆူတွေနေတဲ့နေရာ အများကြီးပဲ ပူတာအို၊ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော်တို့ တော်တော်များပါတယ်။ တဆင့်ပြီးတဆင့် လုပ်သွားဖို့ဖြစ်တယ်” ဟု ဦးရွှေမင်းက ဆိုသည်။

ဒါ့အပြင် စစ်မှုထမ်းဖို့ ခေါ်ယူတဲ့ထဲမှာ လူငယ်တွေကို အဓိကထားပြီး စုဆောင်းသွားမှာဖြစ်သလို အသက်ကြီးရင့်သူတွေကိုလည်း လိုအပ်တယ်လို့ ဦးရွှေမင်းက ဆက်ပြောသည်။

“အဓိက ကတော့ လုပ်နိုင်ကိုင်နိုင်တဲ့သူပေါ့ဗျာ၊ တချို့ဆို အသက် ၅၀ အထိ လုပ်နိုင်ကိုင်နိုင်သူတွေ ရှိတယ်။ တစ်ချို့ကျတော့ အသက်အရွယ်နဲ့မဆိုင်ဘဲ ကျန်းမာရေးချို့တဲ့သူရှိတယ်။ အဲ့တော့ အသက်ကတော့ လူငယ်ကို အဓိကထားပါမယ် သို့သော် လူကြီးလည်း လိုအပ်တာဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးရွှေမင်းပြည်သူ့စစ်သည် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စပြီး ဝိုင်းမော်မြို့နယ် ဝူယာန်ရွာနားမှာ စစ်ဆင်ရေးဂိတ်တွေဖွင့်ပြီး ဝူယာန်ပြည်သူ့စစ်အဖြစ် ရပ်တည်နေတာ ဖြစ်သည်။

ဒါ့အပြင် ဦးရွှေမင်းပြည်သူ့စစ်က စစ်ကောင်စီတပ်နဲ့ပူပေါင်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ပါဝင်တိုက်ခိုက်နေသည့်အဖွဲ့လည်းဖြစ်သည်။

အခုလို ဦးရွှေမင်းပြည်သူ့စစ်က လီဆူအမျိုးသားတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ဒေသခံတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေသည်။

တစ်ဖက်မှာလည်း အဲ့ဒီထုတ်ပြန်ချက်နဲ့ ဦးရွှေမင်းပြည်သူ့စစ်ရဲ့ တပ်သားသစ်စုဆောင်းဖို့လုပ်ရပ်ဟာ လီဆူလူမျိုးတွေအတွက် သတင်းဆိုးတစ်ခု ဖြစ်တယ်လို့ လီဆူအနုပညာရှင် ကိုယော်တီဖာက ပြောပါသည်။

“ကျနော်တို့ လီဆူလူမျိုးအတွက် သတင်းဆိုးတစ်ခုဟုတ်တယ်၊ လီဆူလူမျိုးတွေကို တနေရာရာမှာ ထိုးကျွေးဖို့ ပြင်ဆင်ထားတာ၊ ဥပမာ–သူတစ်ယောက်ထဲသေရမှာကို မသေရဲလို့ သူနဲ့အတူလာပြီး အသေခံဖို့ အဲ့လိုဆွဲသွင်း တာလို့ပဲ မြင်တယ်။ အဲ့ဒီဟာကို သူတို့ကြေညာသလောက်တော့ သူတို့လုပ်လို့ မရဘူး။ သူတို့ဝိုင်းမော်ကစမယ် အထူးသဖြင့် မြစ်ကြီးနားတို့မှာပေါ့၊ သူတို့ဝေးတဲ့နေရာတွေတော့ မရဘူး၊ သေချာတာတော့ လုပ်မယ် စစ်တပ်နဲ့ တွဲပြီးအတင်းအဓမ္မလုပ်မှာလို့ မြင်တယ်၊ ဒါတော့ သူတို့လွန်လွန်းတယ်လို့မြင်တယ်။ ဒူးလေးပါတီအင်အားနဲ့တော့ ကချင်ပြည်နယ် တစ်ခုလုံးကိုတော့ ဘာမှလုပ်လို့မရဘူး” ဟု ကိုယော်တီဖာက ပြောသည်။

လက်ရှိ၌ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် အကြား စစ်ရေးတင်းမာမှုများ ရှိနေသလို KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတစ်ဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းများ တစ်ခုပြီးတစ်ခု လက်လွတ်နေရပြီး အထိနာနေကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲများအပြင် နမ်ဆန်ယန်ဘက်က စစ်ကူသွားသည့် စစ်ကောင်စီတပ်မှာ အကျအဆုံးလည်း များပြားနေသလို အထိနာလာသည့်အတွက် စစ်ကောင်စီဘက်ကလူအင်အား ဖြည့်တင်းနိုင်ရန် အခုလို တပ်သားသစ် စုဆောင်းမှုတွေ လုပ်လာတာလို့ ဒေသခံတွေက သုံးသပ်နေကြသည်။

ဒါ့အပြင် တစ်ဖက်မှာလည်း အင်အားကျဆင်းလာတဲ့ စစ်ကောင်စီတပ်က ပြည်သူ့စစ်တွေကို အဓိက အသုံးပြု လာတာကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မပါဝင်ကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၆၃ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အသိပေး ပြောဆိုထားသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here