ရာသီတုပ်ကွေးကြောင့် ကရင်ပြည်နယ်မြောက်ပိုင်းတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ

0
299
ပုံစာ - သံတောင်ကြီးတွင်ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေ။ (Photo-Paung Laung Media)

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးရောဂါ အဖြစ်များလာရာ ဆေးဝါးအပြင် ဆေးကုသမှုပေးမည့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်နီ (ကယားပြည်နယ်) နှင့် နေပြည်တော် ပျဥ်းမနားနယ်မြေတို့နှင့် နယ်မြေချင်းနီးကပ်နေသော ငွေတောင်ကျေးရွာအုပ်စုရှိ ငွေတောင်၊ ကိုးဒစ်သရက်တောင်၊ ကိုးဒစ်ရွာတန်းရှည်၊ နန်းချိုအထက် အောက် ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်း မရှိသည့်အပြင် ရာသီတုပ်ကွေးကြောင့် ဒေသခံများနှင့် ထိုရွာများသို့ အနီးအနားမှ စစ်လာရှောင်ကြသူများတွင် တုပ်ကွေးကြောင့် ဆေးဝါးများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

“သံတောင်မြောက်ပိုင်းဘက်မှာ နှစ်ဖက်စစ်တွေဖြစ်ကြတော့ အဲဒီဘက်ကဒေသခံတွေလည်း ငွေတောင်ဘက် လာရှောင်ကြတာရှိတယ်၊ အဲ့ဘက်တွေက တော်တော်လေး ကျန်းမာရေးလိုအပ်ချက်ရှိနေတာ တုပ်ကွေးဖြစ်တာတော့ရက်စက်တယ် ဖြစ်ပြီးလည်းပြန်ဖြစ်တာ လူတိုင်းနီးပါးပဲ။ အဓိကကကတော့ တုပ်ကွေးနဲ့ပတ်သက်တဲ့ဆေးတွေတအားလိုတာ။ နှာစေးချောင်းဆိုးနဲ့ ဖျားနာကိုက်ခဲတာတွေအတွက် ဆေးတွေပေါ့နော်။” ဟု အဆိုပါစစ်ရှောင်ကူက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တိုက်ပွဲများဖြစ်ပွားနေသည့် အခြေအနေတွင် ကရင်နီပြည်နယ်ဘက်ခြမ်းရှိ ကျန်းမာရေး ဝန်ထမ်းတချို့မှာ ငွေတောင်ရွာစုများဘက်သို့ လာရောက်ကုသမှု ပေးနေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“ငွေတောင်ဘက်မှာက ကယန်းရွာက နှစ်ရွာလောက်ပဲရှိတယ် ကျန်တာက ဂယ်ဘားကရင်လူမျိုး ရွာတွေချည်းပဲ။ တုပ်ကွေးဖြစ်တော့ ကရင်နီခွင်ထဲမှာ ရှိနေတဲ့ရွာတွေဘက်က ဆရာဆရာမတွေက လာကုပေးရတယ်။ အခုချိန် မိုးကရွာတုန်းပဲဆိုတော့ ဆိုင်ကယ်နဲ့လူတင်ရင် အဆင်မပြေလို့ လမ်းလျှောက်ပြီး လာကုပေးရတာ။ တိုက်ပွဲတွေကလည်း အဲဒီနားမှာဖြစ်နေတာ။ အဲဒီလိုမှအဆင်မပြေဘူးဆိုရင် ကရင်နီထဲက စစ်ရှောင်စခန်းတွေဘက်မှာရှိနေတဲ့ ဆေးကုပေးတဲ့နေရာတွေဆီကို လူနာက လာကုရတဲ့အနေအထားပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်သည့် တောင်ငူခရိုင်အတွင်းရှိ သံတောင်ကြီးမြို့နယ်တွင် KNU လက်အောက်ရှိ ကျန်းမာရေးအဖွဲ့အစည်းများ၏ ကျန်းမာရေးဌာနများ ရှိသော်လည်း ၎င်းတို့လက်လှမ်း မမီနိုင်သောဒေသများ ရှိနေသေးသလို စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကိုလည်း သတိထားနေရကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW က ပြောဆိုထားသည်။

KDHW မှ တာဝန်ရှိသူတစ်ဦးက “တချို့အထောက်အပံ့အတွက်ကြတော့ လမ်းကြောင်းက ပို့နေကျ လမ်းကြောင်းမဟုတ်ရင် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖြတ်ရတာက အဆင်ပြေမပြေ ရှိသေးတယ်။ ကျမတို့မှာ ရွေ့ပြောင်းကျန်းမာရေးအဖွဲ့လည်း ရှိတယ်ဆိုတော့ ခရိုင်က ကျန်းမာရေးမှူးနဲ့ ဝန်ထမ်းတွေနဲ့ အခုဖြစ်နေတဲ့ ငွေတောင်ဘက်က ကိစ္စတွေကို တိုင်ပင်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်က စစ်ကောင်စီလက်အောက်ရှိ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဩဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သံတောင်ကြီးမြို့နယ်အတွင်းရှိ ငွေတောင် (အောက်) ရွာအပါအဝင် ကျေးရွာပေါင်း ၂၁ ရွာတွင် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သေးသည်။

သို့သော် ငွေတောင်ကျေးရွာအုပ်စုအပါအဝင် ကရင်ပြည်နယ်မြောက်ပိုင်းအစွန်ရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍအများအပြားတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲဖြစ်သလို စစ်အစိုးရ၏ ကျန်းမာရေးဌာနခွဲ တချို့ရှိသော်လည်း ဆေးကုသမှုပေးမည့်သူမရှိ ဖြစ်နေသည်ဟု ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အလားတူ ယာဒိုဒေသနှင့် ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ရာသီတုပ်ကွေးကြောင့် ဆေးဝါးလိုအပ်ချက် ကြီးမားနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောဆိုကြသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here