သျှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် အခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး စစ်ကောင်စီမှ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြရကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သော သျှမ်းမြောက် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများ အရှိန်မြင့်လာသည့်နှင့်အမျှ ပြည်ထောင်စုလမ်းမကြီးများပေါ် ကုန်စည်ကူးသန်းခြင်းများပါ ရပ်တန့် သွားသောကြောင့် ကုန်ပစ္စည်းအားလုံး တဟုန်ထိုး ဈေးတက်သွားသည့်အပြင် နိုဝင်ဘာလ ၂ ရက်နေ့မှ စ၍ စစ်ကောင်စီမှ ဆယ်သွယ်ရေး ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်စျေးနှုန်း အဆမတန် မြင့်မားလျက်ရှိသည့် လောက်ကိုင်မြို့တွင် ယခင်က ဆန်ချောတစ်အိတ်လျှင် ငွေကျပ် ၁ သိန်းကျော်မှ ယခု ကျပ် ၄ သိန်း ၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁ သိန်း ၂ သောင်းမှ ကျပ် ၂ သိန်းကျော်အထိ ပေးဝယ်နေရပြီး၊ ကြက်ဥတစ်ကပ်လျှင် ယခင် ကျပ် ၁ သောင်း ၂ ထောင်မှ ယခု ကျပ် ၃ သောင်း ၊ ယခင် ကျပ် ၅၀၀ တန် ခေါက်ဆွဲခြောက်တစ်ထုပ်မှာ ယခုအခါ ကျပ် ၁၅၀၀ အထိ ပေးဝယ်နေရသည့်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ခက်ခဲကျပ်တည်းစွာ ရပ်တည်နေရကြောင်း စုံစမ်းသိရသည်။
လောက်ကိုင်မြို့ခံတစ်ဦးက “ လမ်းတွေပိတ် ကုန်ကားတွေလည်း မရောက်လာဆိုတော့ ပစ္စည်းပြတ်နေချိန်လေး တရုတ်ဘက်က ဆန်လာရောင်းတော့ အကုန်အလုအယက် တိုးဝှေ့ဝယ်ကြတာပေါ့နော်။ စစ်ဖြစ်နေတဲ့အချိန် လက်ထဲ ပိုက်ဆံကိုင်ထားလို့ အလကားပဲလေ” ဟု ပြောသည်။
လက်ရှိအခြေအနေတွင် တရုတ်နယ်စပ်မြို့ ဖြစ်သည့် လောက်ကိုင်မြို့၌ လိုအပ်နေသည့် အခြေခံစားကုန်များကို တရုတ်ပြည်ဘက်မှ ပြန်လည်တင်သွင်း ရောင်းချနေကြပြီး နေ့စဉ် ငွေလဲလှယ်နှုန်းထားများအရ ဈေးနှုန်း အတက်အကျဖြင့် ဝယ်ယူနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်ပြည်ဘက်မှ ၁၂ ဘီးကားကြီးများဖြင့် လာရောက်ရောင်းချပေးခဲ့သော ပုံမှန်ဆန် အမျိုးအစား ၁၀ ပြည်ပါအိတ် တစ်အိတ်လျှင် ယွမ် ၂၅၀ မှ ၃၀၀ ( မြန်မာငွေကျပ် ၁ သိန်းကျော်) အထိ ပေးဝယ်ခဲ့ရပြီး လူတစ်ဦးလျှင် တစ်အိတ်နှုန်း အကန့်အသတ်ဖြင့်သာ ရရှိကြောင်းလည်း သိရသည်။
ထို့အပြင် လက်ရှိမှာ ဖုန်းလိုင်းအဆင်မပြေမှု အင်တာနက်လိုင်းများ ပြတ်တောက်ခံရမှုကြောင့် မိသားစုနှင့် ဆက်သွယ်ရန် ခက်ခဲနေကြောင်း လောက်ကိုင်မြို့ရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။
“အရင်က တခြားလိုင်းတွေမရလည်း သူတို့ထုတ်တဲ့ Mytel ကတ်တော့ ရသေးတယ်။ အခုကျတော့ Mytel တွေပါ မရတော့ဘူး။ အင်တာနက်လိုင်း မပျက်ဖို့ ဆုတောင်းနေရတယ်။ တရုတ်ဖုန်းဘေတို့ ၊ Wifi တို့က စျေးအရမ်းကြီး တော့ အခုချိန် ဝယ်မသုံးနိုင်ဘူးလေ။ ပြန်ဖို့ကလည်းမရ ရှေ့ဆက်ဖို့ကို တော်တော်ခက်နေပြီ” ဟု ၎င်းက ဆိုသည်။
လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားအများအပြားလည်း ပိတ်မိနေရာ ထိုင်းနိုင်ငံသား ၁၆၅ ဦး အပါအဝင် နီပေါ၊ လာအို နှင့် အီသီယိုးပီယားနိုင်ငံတို့မှ နိုင်ငံခြားသား ၅၀၀ ခန့် ပိတ်မိနေကြောင်း Thai သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။