နမ့်ခမ်းမြို့တွင်တိုက်ပွဲကြောင့် စစ်ရှောင် ၁,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

0
385
ပုံစာ - နမ့်ခမ်းတွင် တိမ်းရှောင်ထွက်ပြေးရသူ ၁၅၀၀ ကျော်ရှိနေ။

မြန်မာ – တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲကြောင့် စစ်ရှောင် ၁,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၃ ရက် နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲကြား အပြန်အလှန် ပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံများမှာ နေရပ်အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ဒေသခံများသည် နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအုပ်စုနှင့် မန့်ကွန်ရွာအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“လောလောဆယ်တော့ နောင်ခမ်းရွာမှာတော့ စစ်ရှောင် ၁ ထောင်ဝန်းကျင်လောက် ရှိနေပြီ။ လူဦးရေကတော့ ဒီထက်တိုးလာဖို့ အလားအလာရှိတယ်။ မနေ့က ညနေစာအတွက်တော့ ဒီရွာကလူတွေ ပြုစုကျွေးမွေးထားပါတယ်။ အရေးပေါ်အတွက်တော့ စားနပ်ရိက္ခာတွေ၊ အထိုင်အခင်းတွေ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများမှာ နမ့်ခမ်းမြို့ အောင်မြတ်သာရပ်ကွက်၊ သာယာကုန်း ရပ်ကွက်၊ ဝမ်းဟောင်း (မန့်ဟောင်း) ရွာ၊ ကွန်လုံရွာ နှင့် နောင်မလုံရွာ စသည့် ကျေးရွာ ၁၀ ရွာ နီးပါးမှ စစ်ရှောင် ၁,၅၀၀ ခန့် ရှိနေကြောင်း သိရသည်။

ထို့အတူ နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေလျက် ရှိသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ကြောင်း၊ စစ်ရှောင်ဦးရေ ထပ်တိုးလာနိုင်ကြောင်း နမ့်ခမ်းမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစပြီး “၁၀၂၇ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စတင်လာခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲကြောင့် စုစုပေါင်း စစ်ရှောင်ဦးရေ ၂ သောင်းကျော် အထိ ရှိလာပြီဖြစ်သည်။

အလားတူ တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်း၊ စစ်တပ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရက်သတ္တပတ် ၁ ပတ်အတွင်း အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး၊ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here