ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီကျေးရွာအုပ်စုရှိ ဒေသခံလူထုက ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ပင်းပက် သံမဏိစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းကြောင့် စက်ရုံအနီးရှိ ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးလဗရော့ဗ်တို့ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း နေပြည်တော်တွင်တွေ့ဆုံမှုများ၌ ပင်းပက်စီမံကိန်း အစီအစဉ်များကို အရှိန်မြင့်ခဲ့ကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။
ပင်းပက် သံမဏိစက်ရုံကြီးအတွင်း အလုပ်ရုံ ၂၂ ရုံ ရှိသည့်အနက် အလုပ် ၁၉ ရုံကို ဇွန်လဆန်းပိုင်းက စတင် စမ်းသပ်လည်ပတ် အောင်မြင်ခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိသော ၃ ရုံကိုလည်း မကြာခင် အပြည့်အဝ လည်ပတ် နိုင်ရေး လုပ်ဆောင်မှုများ ရှိနေသည်ဟု ပအို့ဝ်လူငယ်အစည်းအရုံး (PYO) ညွှန်ကြားရေးမှုးခွန်ဦးက ပြောဆိုသည်။
“နေပြည်တော်မှာရော ရုရှားဘက်မှာရော ပင်းပက်စက်ရုံအတွင်းဘက်မှာရော အစည်းအဝေးတွေ တောက်လျှောက် လုပ်ခဲ့တာရှိတယ်။ ပြီးတော့မှ ဒေသခံတချို့နဲ့ပဲ တွေ့ဆုံပြီးတော့မှပဲ သူတို့လုပ်ထားတဲ့အလုပ်ကို သဘောတူညီမှုရအောင် EIA လုပ်တဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်ပြီး consortation လုပ်ခဲ့တာလည်း ရှိတယ်ပေါ့။ ဒါတွေက ထင်သာမြင်သာရှိနေတဲ့ အခြေနေတွေကိုး၊ ဒါကိုကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ပြီးတော့မှ အဆောက်အအုံတွေလည်း ဆောက်နေတယ်။ ပြုပြင်မွန်းမံမှုတွေလည်း ရှိနေတယ်ပေါ့” ဟု ၎င်းက ပြောသည်။
ပင်းပက်သံမဏိစက်ရုံ ရပ်နားထားသည်မှာ ၆ နှစ်ခန့် ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်၍ ပြန်လည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ပြီး စက်ရုံ ပြန်လည်ပတ်နိုင်ရေး လုပ်ဆောင်မှုများ ရှိနေသည်ဟု ပအို့ဝ်လူငယ်အစည်းအရုံး (PYO) က ဆိုသည်။
ထို့သို့လုပ်ဆောင်မှုများအပြင် အလုပ်ရုံ ၁၉ ရုံ စမ်းသပ်လည်ပတ်မှုများ ရှိလာသည့်အတွက် ဒေသခံများက စိုး ရိမ်နေကြောင်း ပြောဆိုကြသည်။
ခွန်ဦးက “ပထမဆုံး ဒေသခံတွေ စိတ်ပူတာကတော့ စိုက်ပျိုးရေးပေါ့နော်။ စိုက်ပျိုးရေးပြောတဲ့အခါ ဒီသဘက်ချောင်းကိုပဲ မှီခိုပြီးတော့ အသက်မွေးဝမ်းကျောင်းပြုရတာ ဖြစ်တယ်။ ဆက်ပြီးတော့ လယ်ယာမြေတွေ ဆုံးရှုံးရဦးမှာလား အဓိက စိုးရိမ်တယ်။ ပြီးတော့မှ သဘက်ချောင်းကို အမှီပြုပြီးတော့မှ စားဝတ်နေရေး ဖြေရှင်းနေ ရတာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒုတိယစိုးရိမ်တဲ့ အချက်တစ်ချက် ဖြစ်တယ်ပေါ့နော်” ဟု ပြောပါသည်။
ယခင် ပင်းပက်သံမဏိစက်ရုံ လည်ပတ်ခဲ့စဉ်ကလည်း သဘက်ချောင်းတလျှောက် နေထိုင်ကြသော လူဦးရေ ၃၅,၀၀၀ ခန့် အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ၊ လယ်ယာမြေများ၊ မြစ်ချောင်းများ ထိခိုက် ပျက်စီးခဲ့ပြီး သဘာဝပါတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လေထုညစ်ညမ်းမှုကိုပါ ထပ်မံရင်ဆိုင်နေရသည်ဟု ပအို့ဝ်လူငယ်အစည်းအရုံး (PYO) က ပြောဆိုသည်။
“ဒီသဘက်ချောင်းကို အညစ်အကြေးတွေနဲ့ ဖြစ်လာမယ်ဆိုရင် သောက်သုံးရေတွေ စိုက်ပျိုးရေးတွေအတွက် ပြီးတော့ တိရိစ္ဆာန်တွေအတွက်လည်း ပိုဆိုးလာနိုင်တဲ့ အခြေအနေတစ်ခုလို့တော့ မြင်တယ်ပေါ့။ ပြီးတော့မှ ဒီဂေဟစနစ်တွေ အပေါ်မှာရော အများကြီး စိတ်ပူတယ်ပေါ့နော်။ ဒီသဘက်ချောင်းက ထိခိုက်မှု အများကြီး ဖြစ်သွားတယ်ဆိုရင်ပေါ့” ဟု ခွန်ဦးက ဆက်ပြောသည်။
ပင်းပက် သံမဏိစီမံကိန်းကြောင့် မြေအသိမ်းခံခဲ့ရသူ ဒေသခံတစ်ဦးက “ဆုံးရှုံးမှုကတော့ တော်တော်များများ ရှိခဲ့တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တိုင်းရင်းသားတွေပီပီ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး စတဲ့ အရေးပေါင်းစုံကို ဒီမြေနဲ့ စိုက်ပျိုးရေးနဲ့ပဲ ဖြေရှင်းနေကြတဲ့လူတွေဆိုတော့” ဟု ပြောသည်။
ပင်းပက်သံမဏိစက်ရုံ ပြန်လည်ပတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ စစ်ကောင်စီအတွက် ဝင်ငွေများ တိုးလာစေနိုင်မည်ဖြစ်ပြီး ပင်းပက်မှ ထုတ်လိုက်သည့် သံ၊ သတ္ထုရိုင်းကလည်း စစ်တပ်၏ လက်နက်လုပ်ငန်းအတွက် အသုံးပြုရန် ရည်မှန်းထားခြင်းဖြစ်သည်ဟု ပအို့ဝ်လူငယ်အစည်းအရုံး (PYO) က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးလဗရော့ဗ်တို့ နေပြည်တော်တွင် တွေ့ဆုံမှုများထဲ ပင်းပက်သံမဏိစီမံကိန်းကို အရှိန်မြင့်ခဲ့ကြောင်းနှင့် နျူကလီးယား ဓါတ်အားပေးစက်ရုံ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံကြား သဘောတူညီချက်များကို အောက်တိုဘာလ အစောပိုင်းတွင် ရရှိခဲ့ကြသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများတွင် တွေ့ရှိရသည်။
ပြန်လည်ပတ်ရန် ကြိုးစားနေသည့် ပင်းပက်သံမဏိစက်ရုံကို မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် ရုရှားအစိုးရပိုင် Tyazhpromexport (TPE) တို့မှ ယူရို ၁၃၇.၅ သန်း အကုန်ကျခံ တည်ဆောက်ထားသော်လည်း ကောင်းကျိုးဆိုးကျိုး မမျှသောကြောင့် အပြီးတိုင်ပိတ်သိမ်းရန် ဒေသခံများက ဆန္ဒရှိနေကြသည်။
ပင်းပက်သံမဏိစက်ရုံ စီမံကိန်း စတင်ဆောက်လုပ်ချိန်ကလည်း ဒေသခံများ၏ မြေဧက ၁၁,၀၀၀ ကျော်ကို ငွေကြေး အနည်းငယ်ပေးကာ အဓမ္မသိမ်းယူခဲ့ပြီး လူနေအိမ် ၁၅ လုံးရှိ ပြည်သူ ၅၀ ကျော်လည်း အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရသည်ဟု ပအို့ဝ်လူငယ်အစည်းအရုံး (PYO) က ဆိုသည်။
အဆိုပါ ပင်းပက်သံမဏိစက်ရုံကို ၂၀၀၆ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားခဲ့ရာမှ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စက်ရုံ ပြန်လည်ပတ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
NMG ပေးပို့သည်။