စစ်ရှောင်များအကြား မူးယစ်ဆေးရောင်းနေသူကို ကရင်နီပြည်ရဲတပ်ဖွဲ့ကဖမ်းဆီး

0
326
ပုံစာ - မူးယစ်ဆေးဝါးရောင်းချနေသူကို ကရင်နီပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့။

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးဝါး ရောင်းချနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) တာဝန်ရှိသူများက ပြောသည်။

ကျေးရွာနေပြည်သူများ၏ သတင်းပေးချက်အရ အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် KSP အမှတ် ၉ ရဲစခန်းမှ နယ်ထိန်း ဦးဇွန်နီလင်း၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ရဲဘော် ကော်ဒီဇင်ထူး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၅ (KNDF) မှ ရဲဘော် စိန်ဘထွန်းတို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

KSP အမှတ်-၉ ရဲစခန်း ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ဖမ်းပြီးရင်တော့ ကျနော်တို့ ရဲနဲ့တော့ မဆိုင်တော့ဘူး ပေါ့နော်။ ကျနော်တို့ရဲက သူတို့အပြစ် ဘယ်လောက်ရှိတယ်ဆိုတာ ချမှတ်တဲ့အဖွဲ့အစည်း မဟုတ်ဘူး။ ကျနော် တို့က တရားရုံးကို Support (အထောက်အပံ့) လုပ်ပေးတဲ့ အဖွဲ့ပဲပေါ့နော်။ မူးယစ်ဆေးဝါး အန္တရာယ် ဖြစ်တယ်ဆိုရင် ကျနော်တို့ ဖမ်းတယ်၊ ဖမ်းပြီးရင် သက်သေအစုံအလင်နဲ့ တရားရုံးကို တွဲပို့တယ်။ တရားရုံးက ထောင်ချတာပေါ့နော်။ ကျနော် သိသလောက်ကတော့ ၁၀ နှစ်တို့ ၁၅ နှစ်တို့ ချတာမျိုးတွေ့တယ်။ ဒါက ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအောက်က တရားရေးဌာနကနေ တရားရုံးကပြန်ပြီး စီရင် ဆုံးဖြတ်တာပေါ့နော်” ဟု ပြောသည်။

တရားခံမှာ အသက် ၃၀ အရွယ် ဦးအောင်သန်းလင်းဆိုသူဖြစ်ပြီး ၎င်း၏နေအိမ်တွင် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကျော်နှင့်အတူ ၎င်းအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

လတ်တလောတွင် တရားခံအား အမှတ်-၉ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး (ပ) ၈/၂၀၂၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုဥပဒေဆိုင်ရာ ပုဒ်မ ၁၉-က၊ ၂၂-ခ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့် ပတ်သက်၍ လတ်တလော စီမံဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး KSP အမှတ် ၉ ရဲစခန်း ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ပပျောက်ဖို့အတွက် ရှောင်တခင် စစ်ဆေးတာမျိုးတွေ၊ ဖမ်းဆီး တာတွေ လုပ်တယ်။ ပြီးရင် သုံးစွဲတဲ့သူတွေ နည်းသွားအောင် ကျောင်းတွေမှာ၊ ရွာတွေမှာ၊ ကျနော်တို့ လွှမ်းမိုးနယ်မြေတွေမှာ အသိပညာပေး ဟောပြောပွဲတွေ လိုက်လုပ်နေတာတွေ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ် KSP ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆက်စပ်ပစ္စည်း အချို့အား ဖမ်းဆီးရမိခဲ့သေးသည်ဟု တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံ KSP တပ်ဖွဲ့အား ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စခန်း ၉ ခု ဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်အထိ အမှုပေါင်း ၂၃၅ မှု အထိ ဖမ်းဆီးတရားစွဲဆို နိုင်ခဲ့သည်ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here