ရခိုင်တွင် စစ်ကောင်စီတပ်က ညပိုင်းတွင်လည်း ရိက္ခာလက်နက်ဖြည့်တင်းမှုများ လုပ်ဆောင်နေဟုဆို

0
288
ပုံ - အောက်တိုဘာ ၃၀ ရက် ညပိုင်းက ကျောက်ဖြူဆိပ်ခံတံတား တခုတွင် Navy ရေယာဥ်တစ်စီးပေါ်ပါလာသည့် ရိက္ခာများကို စစ်ကားများနှင့် သယ်ယူနေစဥ်။

စစ်ကောင်စီက ရခိုင်ပြည်တွင်းရှိ ၎င်း၏တပ်စခန်းများသို့ ရိက္ခာ၊ လက်နက်များကို နေ့အချိန်တွင်လည်း စစ်ကားများဖြင့် ရွှေ့ပြောင်းဖြည့်တင်းမှုများ ရှိနေသလို ညပိုင်းတွင်လည်း Navy ဇက်ရေယာဥ်များဖြင့် လာရောက် ဖြည့်တင်းမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုလိုလုပ်ဆောင်မှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော် (AA) က ညီနောင်မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေချိန်အတွင်း လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု သိရသည်။

အောက်တိုဘာ ၃၀ ရက်၊ ည ၇ နာရီက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ အမှတ် (၁) တရုတ်ဆိပ်ခံတံတားတွင် စစ်ကောင်စီ Navy ဇက်ရေယာဥ်တစ်စီး ဆိုက်ကပ်ခဲ့ပြီး မြို့နယ်တွင်းရှိ တပ်ရင်းများသို့ ရိက္ခာများရွှေ့ပြောင်း ဖြည့်တင်းမှုရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံ လူငယ်တစ်ဦးကပြောသည်။

“သူတို့ (စစ်ကောင်စီ) က တပ်ရင်းတွေ၊ စခန်းတွေကို ရိက္ခာအမြောက်အများ သိုလှောင်နေတဲ့ပုံ တွေ့ရတယ်။ ဒီလို ရိက္ခာဖြည့်တာတွေ၊ စစ်သည်အင်အား ဖြည့်တင်းတာတွေကို မကြာခဏဆိုသလို လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ Navy ဇက်ရေယာဥ်တွင် စားနပ်ရိက္ခာအမြောက်အများနှင့် စစ်သည်တချို့လည်း ပါလာပြီး ကျောက်ဖြူမှ ခလရ ၃၄၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃ တပ်ရင်း
များသို့ စစ်ကား ၆ စီးခန့်ဖြင့် သယ်ဆောင်ဖြည့်တင်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ကျောက်ဖြူမြို့တွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကို ခပ်စိပ်စိပ် တွေ့လာရကြောင်း မြို့ခံများက ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် ကျောက်ဖြူမြို့၊ အမှတ် ၅၄၂ တပ်ရင်းဗျူဟာကုန်းထဲတွင် မနက် ၇ နာရီ မှ ညနေ ၅ နာရီထိ လက်နက်ပစ်ခတ် ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးက အခုလိုပြောသည်။

“အောက်တိုဘာ နောက်ဆုံးပတ်ကလည်း သူတို့ ၅၄၂ တပ်ရင်းဗျူဟာထဲက လက်နက်ကြီးငယ် ပစ်ခတ်တာတွေ တရက်လုံး ကြားခဲ့ရတယ်။ သူတို့ (စစ်ကောင်စီ) က စစ်ရေးအမြင့်ဆုံး ပြင်ဆင်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ ရတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ရှိအချိန်တွင် အသင့်အနေအထားနှင့် တပ်လှန့်ထားမှုများရှိပြီး အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း တပ်တွင်းမှလာသော သတင်းများအရ သိရသည်။

ရသေ့တောင်ဒေသခံ စစ်ရေးလေ့လာစောင့်ကြည့်သူ လူငယ်တစ်ဦးက “စစ်ကောင်စီ အင်အားဖြည့်တင်းနေတာ အခုမှ မဟုတ်ပါဘူး။ အပစ်ရပ်ထားကတည်းက သူ့တပ်ရင်းတွေကို စစ်သည်အင်အား၊ ရိက္ခာ၊ လက်နက်တွေ နေ့တိုင်းလိုလို ဖြည့်လာခဲ့တာ။ ရသေ့တောင်ဘက်မှာဆိုရင် ကျွန်တော်တို့ သိထားရတာက အခုနောက်ပိုင်း တပ်အင်အားကိုပိုပြီး ဖြည့်တင်းနေတာတွေပေါ့” ဟု ပြောသည်။

ရှမ်းမြောက်တွင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သည့် ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်ကြောင့် စစ်ကောင်စီက ရခိုင်ပြည်တွင်းကို အငြိုးတကြီးနှင့် စစ်မျက်နှာဖွ င့်လာနိုင်သည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှုများကို အထူးသတိဝီရိယားထား၍ မပြတ်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ရခိုင်စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here