ကျိုက်ထိုတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ခရီးသည် ၈ ဦး ဒဏ်ရာရ

0
306
ပုံစာ - ကျိုက်ထိုတွင် မိုင်းဆွဲခံရသည့် ခရီးသည်တင်မှန်လုံယာဉ်။ (Photo – CJ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ‌မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် “အောင်ကျော်မိုး” ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် နိုဝင်ဘာ ၁ ရက်နေ့ ည ၉ နာရီခွဲကျော်ခန့်က၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး PT Power စက်သုံးဆီအရောင်းဆိုင်အနီးအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “ခရီးသည်တစ်ဦးကတော့ ဒဏ်ရာများတယ်။ ဒဏ်ရာရသူအားလုံးကို လူမှုကယ်ဆယ်ရေးက ကားတွေနဲ့ ဆေးရုံပို့ပေးခဲ့ကြတယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ် ဦးဝင်းကြိုင်၊ အသက် ၃၈ နှစ်အရွယ် ဦးအုန်းသန်း၊ အသက် ၂၃ နှစ်ရှိ ကိုဆန်းမင်းနှင့် ညီဖြစ်သူ ကိုအောင်ဆန်းမင်း ၁၈ နှစ်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ခိုင်ဝါဝါဝင်း၊ အသက် ၆၀ နှစ်အရွယ် ဒေါ်ဝင်းလှ၊ အသက် ၂၅ နှစ်အရွယ် ဒေါ်နေခြည်သိမ့်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်သန်းသန်းရီတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် “အောင်ကျော်မိုး” ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် ခရီးသည် ၄၀ ဦးခန့် လိုက်ပါလာကြောင်း သိရသည်။

မိုင်းစထိမှန် ဒဏ်ရာရရှိသည့် ခရီးသည်များကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူပြီးနောက် နေထိုင်ရာနေရာတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း နှင့် စိုးရိမ်ဒဏ်ရာရထားသည့် ဦးဝင်းကြိုင်မှာ သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းတွင်လည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာဆိုင် ကျေးရွာအနီးတွင် ဘုရားဖူးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များ အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကားများ ပစ်ခတ်ခံရသည့်ဖြစ်စဉ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်တို့ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်။

ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဉ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ကြောင့် ခရီးသွားနှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေသည့်အတွက် ပြည်သူများ အထူးသတိထားသွားလာကြရန် ဒေသခံတို့က တိုက်တွန်းပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here