၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်တွင် စစ်ကောင်စီလှုပ်ရှားမှု ပိုများလာနေဟုဆို

By MPM 1 နိုဝင်ဘာ, 2023 👁

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီ၏လှုပ်ရှားမှုများ ယခင်ကထက် ပိုများလာသည့်အတွက် တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ရက္ခိုင့်တပ်တော် (AA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ပူးတွဲဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းခြင်းနှင့် ရိက္ခာဖြည့်တင်းခြင်းတို့ကို ပိုမိုလုပ်ဆောင်လာသည်ကို ခပ်စိပ်စိပ်တွေ့လာရသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။

“စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ အပစ်အခတ် ရပ်ထားချိန်မှာတောင် တောက်လျှောက် စကစဘက်ကနေ လက်နက်တွေ ပို့တာတို့၊ ရိက္ခာစုတာကို ကျနော်တို့ မြင်ရပါတယ်။ ခု ဒီကြားထဲမှာ ပိုပြီးမြင်ရတဲ့အနေထား တစ်ခုမှာရှိတယ်။ ရေကြောင်းတွေမှာလည်း ဇက်‌‌င်္ဘောတွေ တောက်လျှောက်လာနေတာမျိုး တွေ့တယ်။ လက်နက်ဖြည့်တာတွေ၊ ရိက္ခာတွေ ဖြည့်နေတာကို ပြည်သူတွေဆီကနေ သိရတယ်။ ခုကတော့ သိတဲ့တိုင်းပဲလေ ဟိုဘက်မှာလည်း ညီနောင်သုံးဖွဲ့နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ ဒါကြောင့် ဒီဘက်မှာ ဖြစ်လာနိုင် မလားဆိုတဲ့ စစ်ရေးဆိုင်ရာ ကြိုပြင်ဆင်ထားတယ်လို့ ကျနော်တို့ထင်တယ်” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝဘက်သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် မကြာခဏ သွားလာ လှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် မိုခါမုန်တိုင်းအလွန်ကပင် ရခိုင်ပြည်နယ်အတွင်း စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာဖြည့်တင်းခြင်းများအပြင် သတင်းယူထောက်လှမ်းခြင်းများကိုလည်း ပြုလုပ်လျက်ရှိနေပြီး ယခု ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင်လည်း ပိုမိုလှုပ်ရှားလာသည်ဟု ဒေသခံများနှင့် ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူများက‌ဆိုသည်။

ရခိုင်တွင် နောက်ထပ် တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပါက ယခင်ကထက် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနိုင်ပြီး လေယာဥ်များဖြင့်လည်း ဗုံးကြဲနိုင်သည်ဟု မြောက်ဦးမြို့နယ်မှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်လာရင်တော့ အရင်ဖြစ်တဲ့ပုံမျိုးနဲ့ မတူဘဲနဲ့ ပိုပြင်းထန်လာမယ်လို့ ယူဆပါတယ်။ သူတို့ဘက်ကလည်း စစ်အင်အား ဖြည့်တင်းတာတွေ၊ ရိက္ခာဖြည့်တင်းတာတွေ ရှိနေတယ်။ မြေပြင်စစ်ဆင်ရေး အနေနဲ့တော့ အရင်တုန်းကလို သူတို့က မြေကိုခြေကျင်လျှောက်ပြီး ချီတက်တာတွေ ဘာတွေလုပ်မယ်မထင်ဘူး။ တကယ်လို့ ဖြစ်လာခဲ့ရင် သူတို့ထင်တဲ့နေရာတွေကို ဒီနေရာမှာရန်သူတွေနေနိုင်တယ်။ ခိုအောင်းနိုင်တဲ့နေရာတွေကို အမြှောက်တွေနဲ့ လေယာဉ်တွေနဲ့ အထက်ကနေပြီးတော့ ဗုံးကြဲမယ်လို့ ယူဆထားတယ်။ ဘာလို့လဲဆို့တော့ စကစမှာ စစ်အင်အားက မရှိတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် မြောက်ဦးမြို့နယ်သို့ စစ်‌ရေယာဉ်များဖြင့် ရိက္ခာလက်နက် ဖြည့်တင်းခြင်းများ ခပ်စိပ်စိပ် ပြုလုပ်မှုများ ရှိနေသည်ဟု သိရသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း ပိုင်နက်အတွင်းတွင် သွားလာနေသည့် စက်လှေများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူဒေသခံတစ်ဦးက “ ရေပိုင်နက်အတွင်း သွားလာနေတဲ့ စက်လှေတွေကိုလည်း စစ်ကောင်စီက စစ်ဆေးတာတွေလုပ်တယ်။ ပြီးတော့ ရခိုင်မှာ စစ်ကောင်စီအင်အားဖြည့်တာက အရင်ကတည်းက လုပ်ပါတယ်။ တကယ်လို့ တိုက်ပွဲဖြစ်လာရင် စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုကို ပြည်သူတွေက ခံရမှာပါပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးရေးဂိတ်များကို တိုးချထားပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှု တင်းကြပ်ခြင်းနှင့် အချိန်ကြာမြင့်စွာစစ်ဆေးမှုများ ပြုလုပ်ခြင်းကြောင့် ဒေသခံတချို့ အသက်သေဆုံးသည်အထိ ရှိခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။