စစ်ဆင်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တပြိုင်နက်ဖော်ဆောင်ရန် NUG ပြော

0
231

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တပြိုက်နက်တည်း ပါဝင်အကောင်အထည်ဖော်ရမည့် အချိန်ဖြစ်သည့်အပြင် ယခုအခွင့်အရေးကို လက်လွှတ်မခံရန်လိုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ကျရောက်သည့် ပြည်သူ့နွေဦးတော်လှန်ရေး ရက် ၁၀၀၀ ပြည့် အထိမ်းအမှတ်ပြောကြားရာတွင် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“အခုကျနော်တို့ တော်လှန်ရေးဟာ ရက် ၁၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမှောင်ထုလွှမ်းတဲ့ ကာလကိုကျော်လွန် ပြီး အခုအခါ အလင်းရောင်ခြည်သန်းလာပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအားလုံး တသွေးတည်း တသားတည်းဖြစ်ဖို့ ဆန္ဒပြုထားတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်သူတရပ်လုံး လိုလားရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တပြိုက်နက်တည်း ပါဝင် အကောင်အထည်ဖော်ရမယ့် အချိန်အခါကောင်းဖြစ်နေပြီလို့လည်း ပြောလိုပါတယ်။ ဒါကို လက်မလွတ်ဘဲနဲ့ ကျနော်တို့အားလုံး ပါဝင်ကြရအောင်လို့လည်း နှိုးဆော်လိုက်ပါတယ်။ ကျနော်တို့ အားလုံးအချင်းချင်း မျှဝေကူညီရင်း ပြည်သူ့အောင်ပွဲ အရယူကြမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြောဆိုလိုက်သည်နှင့် တပြိုက်နက်တည်း ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်တော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တညီတညွတ်တည်းလက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်း သွားမည်ဟု အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

ထို့အပြင် လက်ရှိအချိန်သည် နိုင်ငံတဝှမ်းတွင် ရှိနေသည့် တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦးတော်လှန်ရေး အင်အားစုအသီးသီးနှင့် ပြည်သူတရပ်လုံးက ပါဝင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမည် ဖြစ်သောကြောင့် ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းပါဝင်ကြရန်လည်း NUG က တိုက်တွန်းထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက တော်လှန်ရေးအဖွဲ့အစည်း များက စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အခုဆိုရင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအားလုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေးကိုလည်း မဟာဗျူဟာမြောက် ထိုးစစ်တွေကို စစ်မျက်နှာအစုံမှာ စတင်ထိုးစစ်ဆင်နေကြပြီ ဖြစ်သလို ပြည်သူ့ရင်သွေးတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တွေဟာလည်း ကျရာနေရာကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြပြီ ဖြစ်ပါတယ်” ဟု မန်းဝင်ခိုင်သန်းက ဆိုသည်။

စစ်ရေးတိုက်ခိုက်မှုများနှင့်အတူ နိုင်ငံရေးဘက်တွင်လည်း စစ်ကောင်စီကို အဆုံးသတ်နိုင်ရန် ကြိုးစားဆောင်ရွက် နေသည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုလို ဆက်ပြောသည်။

“နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လည်း NUCC၊ NUG တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေး အဖွဲ့တွေအားလုံးဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတဲ့ ကိုယ်စားပြု အုပ်ချုပ်မှုရရှိရေး အကြမ်းဖက် စစ်အာဏာရှင်စနစ် ကွင်းဆက်ကို အဆုံးသတ်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာ အတူတကွ ရှိနေကြတယ် ဆိုတာကို မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မေတ္တာရပ်ခံထုတ်ပြန်ချက်မှာ ကတိကဝတ်ပြုခဲ့ကြပြီ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ က ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက်တည်း စစ်ကောင်စီ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေး စတုတ္ထနေ့အထိ စစ်ကောင်စီ၏ စခန်း အများအပြားကို သိမ်းယူထားနိုင်ပြီဟု MNDAA နှင့် TNLA က ထုတ်ပြန်ကြေညာထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက်ဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here