သေဒဏ် ၂ ကြိမ်နှင့် ထောင်နှစ်ရှည်ချမှတ်ခံရသော နိုင်ကျဉ်းများကို ဖျာပုံမှပုသိမ်ထောင်သို့ရွှေ့ပြောင်း

0
405

ဧရာဝတီတိုင်း၊ ဖျာပုံထောင်တွင်း တရားရုံးက သေဒဏ် ၂ ကြိမ်နှင့် ထောင်နှစ်ရှည် အမိန့်ချခံရသော နိုင်ငံရေး အကျဉ်းသား ၇ ဦးကို ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းဦးစီးဌာန အသိုင်းအဝန်းနှင့် နီးစပ်သူများက ပြောသည်။

ဖျာပုံအကျဉ်းထောင်က အမိန့်ချလိုက်သည့် နိုင်ငံရေးအကျဉ်းသား ၇ ဦးကို ၎င်းတို့၏ မိသားစုဝင်များကို အကြောင်းကြားခြင်း မရှိဘဲ ပုသိမ်ထောင်ကို ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက “ခုနှစ်ယောက်လုံး ကြိုးမိန့် နှစ်မိန့်နဲ့ ထောင် ၃၅ နှစ်စီ အမိန့်ချခံထားရတဲ့ သူတွေပါ။ PDF အမှုနဲ့ နိုင်ငံရေး ပြစ်မှု အမှုကြီးသမားတွေ သေဒဏ်နဲ့ ထောင်နှစ်ရှည် ကျသူတွေကို ပို့လိုက်တာ” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ဖျာပုံထောင်တွင်း အထူးတရားရုံးက အမိန့်ချလိုက်သည့် ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကိုဝဏ္ဏထွန်းတို့ကို စစ်ကောင် စီက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

ကိုစံလင်းစံ အပါအဝင် ၎င်းတို့ ခုနှစ်ဦးကို စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာ အေးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁ (ခ)၊ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၀-က၊ ၅၀-ဈ နှင့် ၅၂-က တို့ဖြင့် စွဲ ချက်တင်ကာ အမိန့်ချခဲ့သည်ဟု ဖျာပုံခရိုင် တရားရုံး အသိုင်းအဝန်းနှင့် နီးစပ်သူများက ပြောသည်။

၎င်းတို့ကို စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက ဒလန်ရှင်းလင်းမှု ၂ မှု ဖြင့် စွပ်စွဲကာ သေစားသေမိန့် (ကြိုး မိန့်) နှစ်မိန့်ချကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ ခု ဖြင့်လည်း တချို့ကို ထောင်ဒဏ် ၂၅ နှစ် တချို့ကို ၃၅ နှစ် တဆက်တည်းကျခံရန် အမိန့်ချခဲ့သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “စစ်ကောင်စီဘက်က အတင်းအဓမ္မ နှိပ်စက်ပြီး ဝန်ခံထားခိုင်းတဲ့ ဝန်ခံ ထွက်ဆိုချက်တွေနဲ့ အမိန့်ချတာ ဥပဒေအရ ပစ္စည်းသက်သေ လူသက်သေ မခိုင်မာရင် စွပ်စွဲခံရသူတွေက သံသယ အကျိုး ခံစားခွင့်ရှိတယ်။ ဒါပေမယ့် စစ်အာဏာရှင် ပါးစပ်ကထွက်တဲ့ အမိန့်က ဥပဒေဖြစ်နေတာ” ဟု ပြောသည်။

ကိုစံလင်းစံ အပါအဝင် ၇ ဦး ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here