မူဆယ်တွင် ဆာလာအိပ်နှင့်ထုတ်ထားသောအလောင်း ၃ လောင်းတွေ့ရှိ

0
369
ပုံစာ - မူဆယ် - ကျင်စန်းကျော့သွားလမ်းပေါ်ရှိ အမှိုက်ပုံတွင်ဆာလာအိတ်နှင့် ထုတ်ထားသည့်အလောင်း ၃ လောင်းတွေ့ရှိ။ (Photo- လက်ဖက်ညွန့် လူမှုကူညီရေးအသင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် – ကျင်စန်းကျော့ သွားလမ်းပေါ်ရှိ အမှိုက်ပုံတွင် ဆာလာအိတ်နှင့် ထုတ်ထားသည့် အလောင်း ၃ လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာထိပ် အမှိုက်ပုံထဲတွင် ခြေထောက်နှင့်လက်များကို ကြိုးနှင့်ချည်ထားသည့် အမျိုးသားအလောင်း ၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိခဲ့သည်ဟု အလောင်းများကို သွားရောက်သယ်ဆောင်ပေးခဲ့သည့် မူဆယ်မြို့က မြင့်မြတ်ပါရမီအသင်းက တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ကို အလောင်း သုံးလောင်းတွေ့လို့ဆိုပြီး ကျနော်တို့က သွားပြီးကူညီပေးဖို့ တောင်းဆိုတော့ ကျနော်တို့က သွားကူညီတယ်။ ကျနော်က လက်ဖက်ညွှန့်ကိုခေါ်ပြီး ကျနော်တို့ သူငယ်ချင်းတွေဆိုတော့ သွားကူညီတာ၊ ဟိုရောက်တော့ ၃ လောင်းက အမှိုက်ပုံပေါ့နော်၊ ရေချောင်းထဲမှာပေါ့။ အလောင်းတွေက လုံးဝ ပျက်ယွင်းနေပြီ ယိုယွင်းနေပြီ။ လုံးဝ တချို့ဟာတွေဆို အရိုးပဲရှိတော့တာ” ၎င်းက ပြောသည်။

ယင်းလူသေအလောင်းများကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲက ၎င်းတို့ကို ဖုန်းဆက်အကြောင်းကြားလာသည့်အတွက် သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု မြင့်မြတ်ပါရမီအသင်း တာဝန်ရှိသူများက ပြောသည်။

သေဆုံးသွားသူများသည် ကျင်စန်းကျော့တွင် ထမင်းဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင် သားအဖနှစ်ဦးနှင့် ၎င်းတို့၏ စာရေးမဆိုသူတို့ ဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့နယ်ထဲတွင် လူသတ်မှုများ၊ ဓားပြတိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်စိတ်နှင့် နေနေရသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ ပေါများလာခြင်းများကြောင့်လည်း ခိုးဆိုးလုယက်မှုများမှာ ယခင်ကထက် ပိုမိုဖြစ်ပွားလာသည်ဟု ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here