ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က အောက်တိုဘာ ၂၁ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကျဆုံးမှုရှိခဲ့ကြောင်း DPLF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မိုင်းဆွဲဖို့ မနေ့ကစောင့်နေတာ အဲ့လောက်အများကြီးလာမယ် မထင်ထားဘူး။ ဖြစ်ချင်တော့ စစ်ကောင်စီ ကား ၄ စီး လာတယ်။ မိုင်းဆွဲတိုက်ခိုက်လိုက်တော့ တစ်စီးပျက်စီးသွားတယ်၊ တစ်ယောက်က ပွဲချင်းပြီးသေတယ်၊ ၆ ယောက် ဒဏ်ရာရတယ်။ စစ်ကောင်စီကားမလှမ်းမကမ်းမှာ ပျူစောထီး ကား၂ စီးလည်း ပါလာတယ်” ဟု DPLF တာဝန်ရှိသူက ပြောသည်။
အဆိုပါယာဉ်တန်းတွင် တောင်ကြီးခရိုင်ရဲမှူးလည်း ပါလာကြောင်း၊ နံနက် ၈ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးသလို ဆေးရုံတွင် ၂ ဦး ထပ်မံသေဆုံးကြောင်းနှင့် တောင်ကြီးခရိုင်ရဲမှုးရုံးမှ ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ယင်း DPLF တာဝန်ရှိသူ က ပြောဆိုသည်။
ပြည်သူများ အထိနာမည်ကို စိုးရိမ်သောကြောင့် ဖျက်လိုက်ရသည့် စစ်ဆင်ရေးများလည်း ရှိသဖြင့် ပြည်သူများ အနေဖြင့် အာဏာရှင်လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် အနီးကပ် မနေထိုင်ရန် တောင်းဆိုကြောင်းနှင့် စစ်ဆင်ရေးများကို ဆက်လက်ဖော်ဆောင်ရန် အစီအစဉ်များရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ခရိုင်ဒုရဲမှုးရုံးက ရဲတွေ နှာခေါင်းထိတယ်။ မျက်နှာထိတယ်လို့ အတွင်းသတင်းအရ သိရတယ်၊ ဒဏ်ရာပြင်းတယ်ဆိုပြီး သိရတယ်” ဟု ၎င်းက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရွာငံ၊ ရေဦးလမ်းမကြီးအား ပိတ်ဆို့၍ စစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်လျက်ရှိသဖြင့် အများပြည်သူများ ရှောင်ရှားသွားလာကြရန်လည်း DPLF က သတိပေးထားသည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်စဉ် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၃ ဦးကို ရွာငံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး စစ်ကောင်စီတပ်သားတချို့လည်း အောင်ပန်းမြို့၊ ကုတင် ၇၀၀ တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်ဟု သိရသည်။
နိရဉ္စရာ ပေးပို့သည်။