ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လိုင်လွမ့်အောင်ဂျာစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေထံမှ သိရသည်။
လိုင်လွမ့်အောင်ဂျာ (Lailum Awng Ja) စစ်ကောင်စီတပ်စခန်း ၃ ခု အနက် ကားလမ်းမဘေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက အခုလိုပြောပါသည်။
“စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က စခန်းကတော့ ဟိုတလောက သိမ်းလိုက်ပြီလေ၊ ခုသိမ်းတာက မြစ်ကြီးနားကနေ ဆင်းလာရင် ခုကားလမ်းအသစ် တံတားကျော်ရင် ကားလမ်းဘေး ဘယ်ဘက်မှာရှိတဲ့ စခန်းကို သိမ်းတာ၊ မနက် ၂ နာရီလောက်ကနေ စသိမ်းတာ နေ့လည် ၁ နာရီလောက်မှာ သူတို့ဘက်က ဆုတ်သွားပြီ” လို့ ၎င်းက ပြောသည်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး KIA ဘက်ကလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသူ များတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။
နှစ်ဖက်တပ်အကြား ထိတွေ့တိုက်ပွဲ ၁၀ နာရီ နီးပါးကြာ ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီ တပ်ဘက်က စစ်ရဟတ်ယာဉ် ၂ စီးနဲ့ စစ်လက်နက်ရိက္ခာများ လာရောက်ချပေးခဲ့ပေမယ့် အများစုကို KIA ဘက်က သိမ်းဆည်းရခဲ့တယ်လို့ သိရသည်။
ယင်းအပြင် တိုက်ပွဲအတွင်း မြစ်ကြီးနားဘက်က လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၂ စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့လွှဲချော်ခဲ့လို့ KIA ဘက် ထိခိုက်တာ မရှိခဲ့ဘူးလို့ အဆိုပါ သတင်းရင်းမြစ်ထံမှ သိရသည်။
လက်ရှိတွင် အောင်ဂျာဘက်ကို မြစ်ကြီးနားကနေ စစ်ကောင်စီတပ်တွေက စစ်ကား ၃ စီးနဲ့ အင်အားဖြည့်လာဖို့ ပြင်ဆင်နေတယ်ဆိုသည့်သတင်း ကြားနေရပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ၌ မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် နမ်ဆန်ယန်ကျေးရွာ တစ်ဖက်ကမ်းရှိ အောင်ဂျာကျေးရွာမှ စစ်ကောင်စီတပ်ရဲ့အထိုင်တပ်စခန်း ၃ ခုရှိတဲ့ထဲက စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တပ်စခန်းကို KIA ဘက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း စစ်အင်အား ၁၀၀ လောက် တပ်စွဲနေထိုင်သည့် အောင်ဂျာရွာအဝင် စခန်းကို ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် ရွာနဲ့အနီးဆုံး စခန်း ၂ ခုကို KIA ဘက်က တိုက်ခိုက်သိမ်းယူလိုက်ခြင်း ဖြစ်သည်။
KIO ဌာနချုပ် တည်ရှိသည့် လိုင်ဇာမြို့အနီး နမ်ဆန်ယန်၊ လိုင်လွမ့်အောင်ဂျာဘက်၌ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ အကြား နှစ်ဖက်စစ်ရေး တင်းမာပြီး တိုက်ပွဲပြင်းထန်နေသည်မှာ ၄ လလောက် ရှိလာပြီဖြစ်သည်။
KNG ပေးပို့သည်။