တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်းကနေ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မြို့ဟောင်းရွာသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီ အမတ – ၃၀၆ တပ်ရင်းမှ တပ်ရင်းအနီးတဝိုက်ရှိ မြို့ဟောင်း၊ ထုံနွယ်အရှေ့စု၊ အနောက်စုနှင့် အနောက်မော်တုန်း ကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် မြို့ဟောင်းကျေးရွာရှိ နေအိမ်တစ်ဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲခဲ့ပြီး နေအိမ်ထဲတွင် ရှိနေသည့် ဘိုင်လာဖွီဒင် ၂၁ နှစ် ဆိုသူ၏ ခေါင်းကို ကျည်ထိမှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောပါသည်။
“ကံဆိုးတယ်ပြောရမှာပေါ့၊ ခေါင်းတည့်တည့်ကိုထိပြီး ပွဲချင်းပြီးဆုံးတာ၊ သူ့မိန်းမမှာလည်း ကျည်စတွေထိ သေးတယ်၊ ပွန်းပဲ့ရုံလောက်ပဲ မစိုးရိမ်ရပါဘူး” ဟု အဆိုပါရွာသားက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးခဲ့သည့် မြို့ဟောင်းကျေးရွာသည် ကိုက် ၃၀၀ ခန့်သာ ကွာဝေးသည့် စစ်ကောင်စီ အမြောက်တပ်ရင်း၏ မျက်နှာချင်းဆိုင် အရှေ့တွင် တည်ရှိသည်။
ထိုပစ်ခတ်မှုကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်ကနေ ည ၉ နာရီကျော်အထိ စစ်ကောင်စီက လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီအမြောက်တပ်ကနေ ပစ်ခတ်ခဲ့သည့် ၁၂၀ မမ လက်နက်ကြီးကျည်များသည် အနောက်မော်တုန်း ကျေးရွာဘက်သို့ ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုအပြင် ကွမ်းသီးပင်များ ရာနှင့်ချီ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
အနောက်မော်တုန်းကျေးရွာ အပါအဝင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ကျေးရွာများမှ ရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောနှင့် တနင်္သာရီမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ယခုနှစ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်တာကြောင့် နေအိမ်ပျက်စီးခြင်းများနှင့် လူထိခိုက်သေဆုံးမှုများလည်း လစဥ်နီးပါး ရှိနေသည်။
NMG ပေးပို့သည်။