ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်း ဝင်ထွက်သွားလာရာတွင် ကန့်သတ်ခံထားရပြီး သက်ဆိုင်ရာ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။
ပိန်းဇလုပ်ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ တစ်လကျော်လောက်ကစပြီး အသွားအလာတွေ ပိတ်တယ်၊ ပြီးတော့ မြို့ထဲကိုဝင်ချင်ရင် ဘယ်သူမဆို ကိုယ်လာတဲ့ရွာက အုပ်ချုပ်ရေးမှူးထောက်ခံစာပြရတယ်။ လုပ်တော့လည်း တစ်ခေါက်စာပဲ၊ နောက်နေ့ထပ်လာချင်ရင် နောက်ထောက်ခံစာတစ်စောင် ရေးရတယ်၊ မြို့ပေါ်သွားတဲ့ လမ်းတလျှောက်က ဂိတ်စခန်းတွေမှာ ထောက်ခံစာပြနိုင်မှ သွားလို့ရတာလေ” ဟု ပြောသည်။
ပြီးခဲ့သည့်လပိုင်းများက ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း ခြေလျင်တပ်ရင်း ခလရ-၂၆၄ နှင့် အနီးတပ်စခန်းများမှ မြို့အနီးတဝိုက်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုများလုပ်ခြင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်ပြီးနောက် မြို့တွင်းသို့ ဝင်ထွက်သွားလာသော မည်သည့် ဒေသခံမဆို ဆိုင်ရာအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် သွားလာရန် စစ်ကောင်စီက ကန့်သတ်လာခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီက ပိန်းဇလုပ်မြို့အနီးရှိ ကျေးရွာများမှ မြို့ပေါ်သို့ ဈေးလာဝယ်ကြသူများအား တအိမ်ထောင်စာ စားနပ်ရိက္ခာလောက်သာ သယ်ဆောင်ဖြတ်သန်းခွင့် ပြုထားပြီး လုံခြုံရေး အခြေအနေများကြောင့် ယခုနောက်ပိုင်းတွင် မြို့အဝင်အထွက် ပိတ်သည်အထိ ကန့်သတ်လာတာကြောင့် အခြားနီးစပ်ရာ မြို့များသို့သာ ဈေးသွားဝယ်နေရကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ကန့်သတ်ချက်များကြောင့် လုံခြုံရေး အာမခံချက်မရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသည့် ကျေးရွာတချို့မှ ဒေသခံများအနေဖြင့် ပိန်းဇလုပ်ဘက်သို့ သွားလာရန် အခက်အခဲရှိနေသည်ဟုလည်း နယ်ခံများထံမှ သိရသည်။
ကျောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက “အုပ်ချုပ်ရေးမှူးရှိတဲ့ ရွာတွေကတော့ သွားလို့လာလို့ရတာပေါ့၊ ကျနော်တို့ရွာဆို အုပ်ချုပ်ရေးမှူးမှ မရှိဘဲ၊ ဘယ်သူ့ဆီ ထောက်ခံစာ သွားလုပ်ရမလဲ။ ပြီးတော့ ပိန်းဇလုပ်ဘက်က တချို့လည်း အခုနောက်ပိုင်း မြို့အဝင်/အထွက်တောင် လုပ်ခွင့်မပေးတော့ ဈေးဝယ်ရင် ဒီဘက်ပဲ လာဝယ်ကြတော့တယ်။ ဆန်တောင်မှ တစ်အိမ်ထောင်စာပဲ သယ်ခွင့်ပေးထားတာ” ဟု ပြောဆိုသည်။
တော်လှန်ရေးအင်အားစုများ စစ်ရေးလှုပ်ရှားမှု အားကောင်းနေသည့် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခြင်း၊ ၎င်းတို့ ဂိတ်စခန်းများသို့ ဖြတ်သန်းသွားလာသူများအား အကြောင်းအမျိုးမျိုးဖြင့် အခကြေးငွေ ကောက်ခံခြင်း၊ ရိက္ခာနှင့်ဆေးဝါး အများအပြား သယ်ဆောင်ရန် ခွင့်မပြုခြင်းတို့ကြောင့် ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်နှင့် စီးပွားရေးကောင်းစွာ မလုပ်ကိုင်နိုင်သည့် အခြေအနေကို တွေ့ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေ (၇) ခုအနက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု အများအပြား ကျုးလွန်ခြင်း ခံနေရသောခရိုင်တွင် ညောင်လေးပင်ခရိုင်သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ဇူလိုင်လအတွင်းက ပြောဆိုထားသည်။
ထို့အတူ အောက်တိုဘာ ၁၇ ရက်နေ့ ကလည်း ပိန်းဇလုပ်နှင့် တော်ဝီ ဘူတာအကြား ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း မိုင်းခွဲပျက်စီးခံခဲ့ရပြီးနောက် မြို့အနီးတဝိုက်ကို စစ်ကောင်စီက အင်အားဖြည့်တင်းနေသလို ယင်းနေ့မတိုင်ခင်ကလည်း ခလရ-၂၆၄ နှင့် ခမရ-၂၀ တို့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် ပိန်းဇလုပ်မြို့အနီး ကျေးရွာများမှ ဒေသခံများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ကေအိုင်စီ ပေးပို့သည်။