ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ ပုန်းခိုကျင်းများအိမ်တိုင်းတူးထားကြရန် CDF-မင်းတပ် ထပ်မံသတိပေး

By MPM 19 အောက်တိုဘာ, 2023 👁

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့မှ ကာကွယ်နိုင်ရန် ပုန်းခိုကျင်းများ တူးထားကြရန် CDF – မင်းတပ်က ထပ်မံသတိပေး ထုတ်ပြန်လိုက်သည်။

“မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝေဟင်က တဆင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ ရှိပါတယ်။ ပွင့်လင်း ရာသီရောက်ရင် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လေ့ ရှိပါတယ်။ ကျနော်တို့ လေကြောင်း အန္တရာယ် သတင်းတွေ ရထားတာလည်း ရှိပါတယ်။ ဒီလို တိုက်ခိုက်မှုတွေရှိလာရင် အပစ်မဲ့ အရပ်သားတွေပဲ ထိခိုက်သေကြေမှု ပိုကြုံတွေ့နေရလို့ပါ” ဟု CDF – မင်းတပ်မှ တာဝန်ရှိသူက ပြောသည်။

မင်းတပ်ပြည်သူများ၏ အိမ်တိုင်းတွင် ပုန်းခိုကျင်းများ တူးထားကြရန် မင်းတပ် – CDF နှင့် ပြည်သူအုပ်ချုပ်ရေး အဖွဲ့တို့၏ သတိပေး ထုတ်ပြန်ချက်များကို အလေးထား လိုက်နာမှု အားနည်းနေ၍ မကြာခဏ သတိပေး နေရသည်ဟု မင်းတပ်- CDF မှ တာဝန်ရှိသူက ဆက်ပြောသည်။

CDF – မင်းတပ်၏ မင်းတပ်မြို့နယ်အတွင်းက စိုးမိုးထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီက မြေပြင်စစ်ကြောင်း များ မထိုးနိုင်တော့သည့်အတွက် ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှု၊ တိုက်လေယာဉ်နှင့် လေကြောင်း ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု သိရသည်။

ထိုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သားနေအိမ်များ ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်း၊ ကျောင်းတက်နေသည့် ကျောင်းသူ/သားနှင့် သက်ကြီးရွယ်အိုများ ယခုတစ်ပတ်အတွင်း ထပ်မံတိမ်းရှောင် နေရသည်ဟု မင်းတပ် CDF က အောက်တိုဘာလ ၁၅ ရက်က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂ ရက် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးနှင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မင်းတပ် – CDF က စစ်ကောင်စီတပ်များကို စစ်ဆင်ရေးများလုပ်ပါက လက်နက်ကြီး၊ လေကြောင်းများဖြင့် ကျေးရွာများကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာသည့်အတွက် အိမ်တိုင်းမှာ ပုန်းခိုကျင်းများ တူးထားရန် လိုအပ်သည်ဟု မင်းတပ်တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းမှု ၂ နှစ်ခွဲကျော် ကာလတွင် ချင်းပြည်နယ်မှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူ ၅၂ ဦး သေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အလားတူ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ စပါးကျီးများနှင့် ဇရပ်များလည်း ပျက်စီးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။